ဇူလိုင် ၆ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် သထုံခရိုင်အတွင်းရှိ အချို့သော ကျေးရွာများတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) (၃၃၃) တပ်မဟာမှ စစ်သားသစ်များအပြင် ငွေကြေးပါ ပေးဆောင်ရန် ဇူလိုင်လ (၄) ရက်နေ့က ညွှန်ကြားလိုက်သည်ဟု သိရသည်။
ဒီကေဘီအေ (၃၃၃) တပ်မဟာ၊ တပ်ရင်း(၃)၏ ဒုတပ်ရင်းမှူး ဗိုလ်မှူး သောမနက သထုံခရိုင်။ ဖားအံ မြို့နယ်ရှိ ကျေးရွာများတွင် ဇွန်လလယ်ခန့်မှစ၍ စစ်သားသစ်များ ကောက်ခံခဲ့ပြီး စစ်ထဲဝင်ရောက်သည့် ရွာသားများက လက်နက်များ ယူဆောင် ထွက်ပြေးမည်ကို စိုးရိမ်သဖြင့် ရွာကြီးရွာငယ်အလိုက် သတ်မှတ်ထားသည့်အတိုင်း ငွေပေးရမည်ဖြစ်ကြောင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။
ယင်းသို့ ကောက်ခံရာတွင် ဖားအံ မြို့နယ်အတွင်းရှိ ဝဲပျံ၊ လော့ပူ၊ မီးစိုင်းချောင်းဝ၊ ပလောဖိုးတို၊ နိုအောလာ၊ ဖလံတောင်၊ မဲသနချောင်းဖျား၊ မယ်သဲ၊ ရေ အေး၊ ထီးကျော်၊ ဟထလိုက်၊ တာသူးခီး၊ ထီးကျူ့၊ ကျော်ကေးခီးနှင့် တလိုင်းကရင်ရွာများမှ အနည်းဆုံး ကျပ်ငွေ ၈သောင်းမှ အများဆုံး ကျပ်သိန်း ၄ဝ အထိ ပေးဆောင်ရမည်ဟု သတ်မှတ်ထားခဲ့သည်ဟု သိရသည်။
ဒီကေဘီအေတပ်များ တောင်းခံသည့်အတိုင်း မပေးနိုင်ပါက ရွာသားများကို အမျိုးမျိုး အကြပ်ကိုင် ခြိမ်းခြောက်မှုများ ရှိသည်ဟု နယ်မြေခံတဦးက ကရင် သတင်းစဉ်ကို ယခုလို ပြောသည်၊ ၎င်းက “သူတို့ (ဒီကေဘီအေ) က တောင်းတဲ့အတိုင်း မပေးနိုင်လို့ရှိရင် ရွာသားတွေကို အကြပ်ကိုင်မယ်၊ ခြိမ်းခြောက်မယ်၊ ဒါတွေဟာ သူတို့ လုပ်ရိုးလုပ်စဉ်တခုပဲလေ၊ ရွာသားတွေ မခံနိုင်ရင်တော့ ထွက်ပြေးရုံပဲပေါ့။ မထွက်ပြေးလို့ရှိရင် အတင်းလိုက်ဖမ်းမယ်၊ ဒါပဲ ရှိတယ်” ဟု ပြောသည်။
ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ယခုနှစ်လယ်ပိုင်းအတွင်း ၎င်းတို့ တပ်ဖွဲ့ ထိန်းချုပ်ရာ ကရင်ပြည်နယ် နေရာအနှံ့အပြား၌ နယ်ခြားစောင့်တပ် အင်အား တိုးချဲ့ရန်အတွက် စစ်သားသစ်များ စုဆောင်းခဲ့သော်လည်း ဒီကေဘီအေ (၃၃၃) တပ်မဟာ၊ တပ်ရင်း(၃) နှင့် နအဖ တပ်မ (၁၁)၏ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည့် ကျေးရွာများ၌မူ အဓမ္မ ငွေကြေးကောက်ခံမှုများပါ လုပ်ဆောင်လျှက်ရှိသည်။