Home သတင်း ကရင်ပြည်နယ်အတွင်း ပါတီ ၄ပါတီက ကြားဖြတ် ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေ

ကရင်ပြည်နယ်အတွင်း ပါတီ ၄ပါတီက ကြားဖြတ် ‌ရွေး‌ကောက်ပွဲဝင်ရန် ပြင်ဆင်‌နေ

1850

ဩဂုတ် ၁၄ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

ယခု ၂၀၁၄ခုနှစ်ကုန်ပိုင်း၌ ကျင်းပမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း လစ်လပ်‌နေသည့် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်ခွဲ အမှတ်(၂) မဲဆန္ဒနယ်‌မြေ၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌နေရာကို ဝင်‌ရောက်ယှဉ်ပြိုင်ရန် ကရင်ပြည်နယ် အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီ ၄ခုက ပြင်ဆင်‌နေသည်ဟု သိရသည်။

ယင်းမဲဆန္ဒနယ်အတွက် ဝင်ယှဉ်ပြိုင်မည့်ပါတီများမှာ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)နှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP) စသည့်ပါတီတို့ဖြစ်ကြပြီး ယင်းသို့ ဝင်‌ရောက်ယှဉ်ပြိုင်‌ရေးအတွက် PSDP ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဖလုုံ-စ‌ဝေါ်ပါတီအ‌နေနဲ့က‌တော့ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်မှုက‌တော့ ‌လော‌လောဆယ် ‌တော့ လူ‌ရွေးတာရယ် နယ်‌မြေဆင်းတာရယ်၊ ကိုယ်စားလှယ်‌တွေကို နယ်‌မြေ‌တွေဘာ‌တွေ ဆင်းခိုင်းပြီး‌တော့ ပြည်သူလူထုနဲ့ ထိ‌တွေ့စည်းရုံးဖို့‌တွေ လုပ်‌ဆောင်‌နေ‌သေးတယ်။ အခုက ဒီကြားဖြတ် ‌ရွေး‌ကောက်ပွဲဖြစ်မယ်မဖြစ်ဘူးဆိုတာ တရားဝင် မလာ ‌သေး‌တော့ လုပ်ရကိုင်ရ နည်းနည်းကြပ်တယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ အစိုးရအ‌နေဖြင့် မည်သည့်အချိန်၌ စတင်ကျင်းပသွားမည်ကို တရားဝင် ထုတ်ပြန်ထား ခြင်း မရှိ‌သေး‌သော်လည်း ကရင်ပြည်နယ်အတွင်းရှိ အဆိုပါ ပါတီများက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်‌နေခြင်းလည်းဖြစ်သည်။

လစ်လပ်‌နေသည့် ပိုင်ကျုံမြို့နယ်ခွဲ အမှတ်(၂) မဲဆန္ဒနယ်‌မြေ၌ ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်သွားမည့်အ‌ပေါ် NLD ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင် နန်းခင်‌ထွေးမြင့်က “ကြိုတင် ပြင်ဆင်ထားတယ်ဆိုတာက ၂၀၁၄ ကြားဖြတ်‌ရွေး ‌ကောက်ပွဲ ‌အောင်နိုင်‌ရေးအဖွဲ့‌တွေ ကျမတို့ဖွဲ့ထားတယ်။ အဲဒီမှာ ဗဟိုက‌နေစပြီး‌တော့ ပြည်နယ်၊ ခရိုင်၊ ရပ်‌ကျေးအထိ ဖွဲ့ထား တယ်။ အဲဒီ‌အောင်နိုင်‌ရေးအဖွဲ့က‌နေပြီး‌တော့ စတင် လှုပ်ရှားဖို့အတွက် သင်တန်း‌တွေ‌ပေး‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် USDP ဥက္ကဌ ‌စောထားလုံကလည်း “ကျ‌နော်တို့ ပြည်ခိုင်ဖြိုးပါတီလည်း အဲဒီ‌နေရာကို ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်ကို‌တော့ ‌ရွေးထားပြီးပါပြီ။ နာမည်‌တော့ ‌ပြောလို့မရ‌သေးဘူး‌ပေါ့‌နော်။ ကရင်အမျိုးသားတစ်‌ယောက်‌တော့ ဖြစ် တယ်။ အဲဒီ‌ဒေသနားမှာ‌နေတဲ့သူဖြစ်တယ်။ လက်‌ထောက်မြို့နယ် ပညာ‌ရေးမှူးလည်း လုပ်ခဲ့သူပါ။ သူ့ကို‌တော့ လျာထားပါတယ်” ဟု ‌ပြောဆိုသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း နိုင်ငံ‌ရေးပါတီ ၆ပါတီ အ‌ခြေစိုက်လျှက်ရှိပြီး ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုး‌ရေးပါတီ (KSD DP)နှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ(တစည)တို့မှာ လာမည့် ကြားဖြတ် ‌ရွေး‌ကောက်ပွဲကို ဝင်‌ရောက်ယှဉ်ပြိုင်ရန် မရှိ ‌သေး‌ကြောင်း သိရသည်။

ပိုင်ကျုံမြို့နယ်ခွဲ အမှတ်(၂) မဲဆန္ဒနယ်‌မြေသည် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီက ကွယ်လွန်သွားသည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)မှ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောရှားထွန့်‌ဖောင်၏ အနိုင်ရ မဲဆန္ဒနယ်ဖြစ်သည်။