Home သတင်း မဲ‌ဆောက်-‌မော်လမြိုင် Nok Air ‌လေ‌ကြောင်းခရီး စတင်‌ပြေးဆွဲ

မဲ‌ဆောက်-‌မော်လမြိုင် Nok Air ‌လေ‌ကြောင်းခရီး စတင်‌ပြေးဆွဲ

2433
စက်တင်ဘာလ ၂ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

New Airway Maesot - Mawlamyineထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲ‌ဆောက်မြို့နှင့် မွန်ပြည်နယ်အတွင်းရှိ ‌မော်လမြိုင်သို့ တိုက်ရိုက်‌ပြေး ဆွဲသည့် Nok Air ‌လေ‌ကြောင်း ခရီးစဉ်ကို စက်တင်ဘာလ ၁ ရက်‌နေ့မှစ၍ ‌နေ့စဉ်စတင်‌ပြေးဆွဲ‌နေပြီးဖြစ် ‌ကြောင်း သိရသည်။

Nok Air ‌မော်လမြိုင်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက “မဲ‌ဆောက်-‌မော်လမြိုင် ခရီးစဉ် ‌ပြေးဆွဲ‌နေပြီ။ ‌လေယာဉ် လက်မှတ်ကို‌တော့ ခရီးစဉ်တစ်‌ကြောင်း ‌ဒေါ်လာ ၅၅ က‌နေ ၈ဝ ကြားရှိမယ်။ ဝယ်တဲ့အချိန်‌ပေါ်မူတည်ပြီး‌တော့ ‌ဈေးနှုန်းကွာမယ်။ ခရီးသွားလိုသူ‌တွေ ဗီဇာရဖို့က‌တော့ Nok Air ‌လေ‌ကြောင်းလိုင်းနဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီ ‌တွေက ဝန်‌ဆောင်မှု‌ပေးသွားမယ်”ဟု ‌ပြောသည်။

Nok Air ‌လေ‌ကြောင်းလိုင်းသည် မဲ‌ဆောက်-‌မော်လမြိုင် ခရီးစဉ်ကို စတင်‌ပြေးဆွဲလာနိုင်သည်နှင့်အမျှ ‌မော်လ မြိုင်-မဲ‌ဆောက် ခရီးစဉ်အတွက်လည်း ‌ပြေးဆွဲနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်‌နေသည်ဟု Nok Air ‌မော်လမြိုင်ရုံးခွဲမှ တာဝန်ယူရှိသူများက ဆိုသည်။

မဲ‌ဆောက်-‌မော်လမြိုင်သို့ ပထမဆုံးအကြိမ်‌ပြေးဆွဲခဲ့သည့် Nok Air ‌လေ‌ကြောင်းလိုင်းခရီးစဉ်တွင် ခရီးသည် အပါအဝင် ‌လေယာဉ်ဝန်ထမ်း စုစု‌ပေါင်း ၃၃ ‌ယောက် လိုက်ပါစီးနင်းခဲ့‌ကြောင်း သိရသည်။

စီးနင်းလိုက်ပါလာသူတို့သည် မွန်ပြည်နယ်သို့ လာ‌ရောက်လည်ပတ်သူများရှိသလို မဲ‌ဆောက်မှ ထိုင်းစီးပွား‌ရေး လုပ်ငန်းရှင်များ၊ မွန်ပြည်နယ်တွင် ရင်နှီးမြုပ်နှံရန် စိတ်ဝင်စားသည့် ထိုင်းစီးပွား‌ရေးလုပ်ငန်းရှင်များအပြင် ဘုန်း‌တော်ကြီးများ ပါဝင်သည်ဟု စီးနင်းလိုက်ပါလာသူများက ဆိုသည်။

ယခုကဲ့သို့ ထိုင်းနယ်စပ်နှင့် မွန်ပြည်နယ်သို့ တိုက်ရိုက်‌လေယာဉ်‌ပြေးဆွဲ‌နေပြီးဖြစ်သည့်အတွက် မွန်ပြည်နယ် အတွင်းတွင် အလွယ်တကူစွာ သွားလာနိုင်‌တော့မည်ဖြစ်‌ကြောင်း မဲ‌ဆောက်မြို့ရှိ စီးပွား‌ရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦး‌အေးချမ်းက ‌ပြောသည်။

“‌လေယာဉ်‌ပြေးဆွဲ‌နေပြီးဆို‌တော့ မွန်ပြည်နယ်ကို ထိုင်း‌တွေသာမက ပြည်ပက ဧည့်သည်‌တွေ အလွယ်တကူနဲ့ ဝင်လာနိုင်တယ်။ စီးပွား‌ရေးလုပ်ငန်းရှင်‌တွေအတွက်လည်း မွန်ပြည်နယ်မှာ လာ‌ရောက်ရင်းနှီးမြုပ်နှံဖို့အတွက် လွယ်ကူသွားမယ်”ဟု ဦး‌အေးချမ်းက ရှင်းပြသည်။

‌လေ‌ကြောင်းလိုင်းပုံမှန်‌ပြေးဆွဲလာသည့်အခါ မွန်ပြည်နယ်တွင် ဧည့်သည်‌တော်များ ဝင်‌ရောက်လာနိုင်ခြင်း ‌ကြောင့် မွန်ပြည်နယ်အတွက် များစွာအကျိုးရှိသလို မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာကာ အလုပ်အကိုင်အခွင့်အလမ်းများလည်း များလာမည်ဟုလည်း မွန်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ က ‌မျှော်မှန်းထားလျှက်ရှိသည်။

မဲ‌ဆောက် အထူးစီးပွား‌ရေးဇုန်နှင့် အာဆီယံ စီးပွား‌ရေးအဖွဲ့အစည်း(AEC)တို့ သွားလာ‌ရေး အဆင်‌ပြေ‌ချော‌မွေ့ ‌စေရန်အတွက် ကြိုတင်ပြင်ဆင်သည့် အ‌နေဖြင့် Nok Air ‌လေ‌ကြောင်းလိုင်းက မဲ‌ဆောက်-‌မော်လမြိုင်သို့ ‌ပြေးဆွဲရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် Nok Air ‌လေ‌ကြောင်းလိုင်းသည် လာမည့် ‌အောက်တိုဘာလ ၁ ရက်‌နေ့မှစ၍ ရန်ကုန်မြို့သို့ တိုးချဲ့‌ပြေးဆွဲရန် စီစဉ်ထား‌ကြောင်း သိရသည်။