Home သတင်း သြဂုတ်လအတွင်း စစ်အုပ်စုကြောင့် အမျိုးသမီး (၅၅) ဦး သေဆုံးခဲ့ဟု BWU ထုတ်ပြန်

သြဂုတ်လအတွင်း စစ်အုပ်စုကြောင့် အမျိုးသမီး (၅၅) ဦး သေဆုံးခဲ့ဟု BWU ထုတ်ပြန်

19
Photo: IEC (၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က ကရင်နီ၊ မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည့်ဒေသခံများ-ပုံဟောင်း)

စက်တင်ဘာလ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်ဝှမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် သြဂုတ်လတစ်လအတွင်း အမျိုးသမီး (၅၅) ဦး သေဆုံးခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union-BWU )က ယနေ့ (စက်တင်ဘာလ ၄ ရက်) တွင် ထုတ်ပြန်သည်။

သြဂုတ်လ (၁) ရက်မှ (၃၁) ရက်နေ့အထိ BWU ကပြုစုထားသည့်စာရင်းတွင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကရင်အပါအဝင် ရခိုင်၊ မွန်၊ ကရင်နီ၊ ရှမ်း စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး (၉) ခုမှ သေဆုံးသူ အမျိုးသမီး (၅၅) ဦးရှိခဲ့ပြီး အသက်မပြည့်သေးသည့် အမျိုးသမီး (၆) ဦးလည်း ပါဝင်သည်။

ထိုအထဲတွင် လေယာဥ်ဗုံးကြဲခံရခြင်းကြောင့် သေဆုံးသူ အမျိုးသမီးအရေအတွက်မှာ အမြင့်ဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် တစ်ခုထဲ၌ အမျိုးသမီး (၁၇) ဦးထိ သေဆုံးခဲ့သည်။ ဒုတိယသေဆုံးမှုအများဆုံးက စစ်ကိုင်းတိုင်းဖြစ်၍ အမျိုးသမီး (၁၃) ဦး သေဆုံးခဲ့သည်ဟုလည်း BWU ၏ မှတ်တမ်းက ဖော်ပြသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီး (၅၂) ဦး ရှိသည့်အနက် လေကြောင်းတိုက်ခိုက်မှုကြောင့် (၄၃) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် (၃) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၃) ဦး နှင့် ကျည်ထိမှန်မှုကြောင့် (၃) ဦး ပါဝင်နေကြောင်း BWU က ပြောသည်။

အမျိုးသမီးအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် BWU အနေဖြင့် အဆိုပါစာရင်းကို လွတ်လပ်သည့် သတင်းဌာနများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုစည်းကောက်နုတ်ထားခြင်းဖြစ်သော်လည်း မြေပြင်၌ အရေအတွက်ပိုမိုများပြားနိုင်ကြောင်း သုံးသပ်သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး (၂၆) ဦး သေဆုံး၍ (၄၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း BWU က မှတ်တမ်းတင်နိုင်ခဲ့ခြင်းရှိသည်။

ထို့အတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်အုပ်စု အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ(၃)ရက်နေ့အထိ အမျိုးသမီး ၆,၅၉၃ ဦး ဖမ်းဆီးခံခဲ့ရသည်ဟုလည်း သိရသည်။