Home သတင်း ကိုယ်ထူကိုယ်ထရပ်တည်နေရသည့် မယ်လဒုက္ခသည်စခန်းရေပေးဝေရေး မီတာစနစ်ဖြင့် ပြန်တပ်ဆင်

ကိုယ်ထူကိုယ်ထရပ်တည်နေရသည့် မယ်လဒုက္ခသည်စခန်းရေပေးဝေရေး မီတာစနစ်ဖြင့် ပြန်တပ်ဆင်

15
Photo: Mae La Information Team

စက်တင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာအကူအညီ ရပ်ဆိုင်းခံရပြီးနောက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်လာရသည့် ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်း ရေပေးဝေရေးကို အခကြေးငွေကောက်ခံသည့် မီတာစနစ်ဖြင့်သွားရန် ရေမီတာများ စတင်တပ်ဆင်နေပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် မယ်လဒုက္ခသည်စခန်း၊ A5 ရပ်ကွက်ကို ရေမီတာများ စတင် တပ်ဆင်နေပြီး လုပ်ငန်းစဥ်များပြီးစီးပါက မီတာ တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၁၀) ဘတ် ကောက်ခံမည်ဖြစ်သည်ဟု ဆိုသည်။

“အခုက လိုအပ်တဲ့ ရပ်ကွက်တွေတပ်တယ်။ တစ်ခြားရပ်ကွက်တွေမှာဆက်သွားမယ်။ နောက်ဆိုရင် အိမ်တိုင်း ရေမီတာနဲ့တပ်ရမယ်။ တချို့မတပ်ချင်တဲ့လူတွေကတော့ ဖိအားမပေးဘူး။ ရေမီတာနဲ့ သွားတဲ့သူတွေကတော့ နွေရာသီအတွက်ဆိုရင်ရေမရမှာတော့ မပူရဘူးပေါ့”ဟု စခန်းတာဝန်ရှိသူ စောဆန်းဒေးက ပြောသည်။

မယ်လဒုက္ခသည်စခန်းအတွင်းနေထိုင်သူအချို့သည် စခန်းအတွင်းမှ စီစဉ်သည့် ရေများကို ယူသူရှိသလို အချို့မှာလည်း စခန်းပြင်ပမှ သွယ်ပေးသည့်ရေဖြင့် လစဉ်ကြေးပေးကာ ဝယ်သုံးသည့်သူများရှိကြောင်း သိရသည်။

ထို့အပြင် ရေမီတာတပ်ဆင်ရန်အတွက် သွယ်တန်းမည့် ရေပိုက်ဖိုးကုန်ကျစရိတ်၊ မီတာစက်တန်ဖိုးကုန်ကျစရိတ်များကိုလည်း ရေယူသည့် အိမ်ဘက်မှ ပေးဆောင်ရမည်ဟု ဆိုသည်။

ယခင်ကမူ ရေပေးဝေရန်အသုံးပြုသည့် ရေပန့်မော်တာ၊ စက်သုံးဆီဖိုးနှင့် ပြုပြင်ထိန်းသိမ်းရေးစရိတ်အတွက် ငွေကြေးတတ်နိုင်သည့် စခန်းနေထိုင်သူများထံမှ လူတစ်ဦးလျင် (၆) ဘတ်နှုန်းကောက်ယူကာ လည်ပတ်နေခဲ့ရကြောင်းလည်း စခန်းတာဝန်ရှိသူများက ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ အထွေထွေတာဝန်ခံတစ်ဦးက “ရေလည်ပတ်ဖို့အတွက် အရင်က ကောက်တာရှိတယ်။ တစ်ယောက်ကို (၆) ဘတ်နှုန်းပေါ့ ပုံမှန်တော့မဟုတ်ဘူး။ တချို့လတွေက အလှူငွေတွေရရင်တော့ မကောက်ဘူး။” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် မယ်လဒုက္ခသည်စခန်းထဲရှိ နေထိုင်သူများသည် ဖုန်းအားသွင်းရန်၊ ညအချိန်မီးထွန်းရန်အတွက် တစ်ယူနစ် ၁၅ ဘတ်ပေးရသည့် စခန်းအပြင်ဘက်က လျှပ်စစ်မီးကို ဝယ်ယူအသုံးပြုနေရခြင်းလည်းရှိသည်ဟု ဆိုသည်။

အမေရိကန် အစိုးရ ရံပုံငွေ ထောက်ပံ့မှု ရပ်ဆိုင်းခံရပြီးနောက် နယ်စပ်ဒုက္ခသည်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုအပြင် သန့်ရှင်းရေးစနစ်နှင့်ရေပေးဝေရေးစနစ် အကူအညီ မရရှိတော့သည့်အတွက် ရရှိသည့် ရံပုံငွေအနည်းငယ်ဖြင့် ကိုယ်ထူကိုယ်ထ လည်ပတ်နေကြရခြင်းရှိသည်။