Home သတင်း မဲဆောက်၊ တရုတ်ဘုံကျောင်းမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဆန်လှူပေး

မဲဆောက်၊ တရုတ်ဘုံကျောင်းမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဆန်လှူပေး

15

စက်တင်ဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တရုတ်ဘုံကျောင်းတွင် တရုတ်လူမျိုးများ၏ ကွယ်လွန်သွားသည့် ဘိုးဘွားများကို အောက်မေ့ ပူဇော်သည့်ဓလေ့အရ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအပါအဝင် အကူအညီလိုအပ်သူများကို ယနေ့ စက်တင်ဘာလ (၂)ရက်နေ့တွင် ဆန်လှူပေးသွားသည်ဟု သိရသည်။

အဆိုပါဆန်လှူပွဲသည် ယခုနှစ်တွင် (၅၇)ကြိမ်မြောက် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး မဲဆောက်မြို့နှင့် အနီးဝန်းကျင်တွင် နေထိုင်သည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအပါအဝင် မြန်မာပြည်တစ်ဖက်ကမ်း မြဝတီမြို့မှနေထိုင်သူတချို့လည်း အလှူလက်ခံရန်လာရောက်ကြသည်ဟု ဆိုသည်။

ထိုပွဲတွင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်အိတ်အသေးတစ်အိတ်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်ဘူးများကို အလှူပေးရန် ဝေပုံကျထုပ်ပိုးကာ စုစုပေါင်း ဆန်အိတ်(၆,၀၀၀)အိတ် ပေးဝေခဲ့ခြင်းလည်းဖြစ်သည်။

မဲဆောက်မြို့ ဘန့်ဆောင်ခွဲတွင်နေထိုင်သည့် အသက် (၇၀)အရွယ် အမျိုးသမီးတစ်ဦးက “သူတို့ ကနှစ်တိုင်းလှူတော့ ကျမတို့လည်း နှစ်တိုင်းလာယူဖြစ်တယ်။ အဓိက လာယူရတာ ပျော်တာလည်းပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆန်လာရောက်အလှူခံသူများသည် စည်းကမ်းစနစ်တကျရှိစေရန်အတွက် လက်ပတ်များ ကြိုတင်ယူထားရန်လိုအပ်ပြီး အနီရောင်၊ အဝါရောင်၊ ပန်းရောင်နှင့် အစိမ်းရောင် လက်ပတ်များအဖြစ်လည်း အရောင်ခွဲခြား သတ်မှတ်ထားသည်။

ထို့အပြင် စည်းကမ်းသတ်မှတ်ချက်အရ မွန်းလွဲ (၂)နာရီမှ (၄) နာရီအထိ လက်ပတ်အရောင်အလိုက် အချိန်ခွဲ၍ အလှူပစ္စည်း လာရောက်ယူကြရခြင်းရှိသည်။

တရုတ်ဘုံကျောင်း၏ ဆန်လှူပွဲသို့ လာသူများကို ဖမ်းဆီးစစ်ဆေးမှုမရှိသလို မည်သူမဆို လွတ်လပ်စွာ သွားလာ‌နိုင်ကြောင်းလည်း သိရသည်။

ယနေ့ ပြုလုပ်သည့် အလှူပွဲတွင် မြန်မာ-ထိုင်း ခွဲခြားခြင်းမရှိသည့်အပြင် မြန်မာပြည်သားအများစုနှင့် ထိုင်းနိုင်သားအချို့လည်း လာယူခြင်းရှိသည်ဟု အလှူရှင်ဘက်က ပြောသည်။