Home သတင်း ဖားအံအပါအဝင် မြို့ (၄) မြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ

ဖားအံအပါအဝင် မြို့ (၄) မြို့တွင် မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေ

10
Photo: Saw Chaint Phaung

စက်တင်ဘာ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ စက်တင်ဘာလ ( ၂) ရက်နေ့ နံနက် ၈ နာရီ ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဖားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေ ၉ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၃ လက်မခန့် ပြန်လည်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း သိရသည်။

ယခင်မြင့်တက်ခဲ့သည့် ရေမှတ်ထက် ကျော်လွန်လာသည့် သံလွင်မြစ်ရေကြောင့် ဖားအံမြို့တွင် မြေနိမ့်ပိုင်းနေရာများရှိ လူနေအိမ်တချို့ ရေနစ်မြှုပ်နေကြောင်း ဖားအံမြို့ခံများက ပြောသည်။

မြို့ခံ အမျိုးသားတစ်ဦးက “ ဒီမနက်တော့ ရေက ထပ်မတက်ဘဲ ငြိမ်နေတယ်။ ဒါပေမယ့် ပထမတစ်ခေါက် တက်တဲ့ရေထက် ကျော်သွားပြီ။ ရေပေါ်ဈေးဆို ရေက ခြေမျက်စိလောက် ဝင်နေပြီ။ ဈေးတွေလည်း ရွှေ့ပြောင်းရတယ်။ အချို့ဆိုင်တွေလည်း ပိတ်ကုန်ပြီ။ အနိမ့်ပိုင်းအိမ်တွေ မြုပ်နေပြီး မမြုပ်သေးတဲ့နေရာတွေ ရေထပ်တက်လာရင်တော့ ရွှေ့ရမှာပေါ့” ဟု ကေအိုင်စီကို ပြောသည်။

Photo: Saw Chaint Phaung

လက်ရှိတွင် မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖားအံမြို့ရှိ ရေဘေးသင့်ပြည်သူများကို ဘုန်းကြီးကျောင်းနှင့် မိုးလုံလေလုံအားကစားရုံများသို့ ယာယီနေရာချထားပေးလျက် ရှိသလို ရေမမြုပ်သေးသည့် နေရာများသို့ လှေများဖြင့်သွားရောက်ကာ စားနပ်ရိက္ခာများ လိုက်လံဖြန့်ဝေပေးနေကြောင်း သိရသည်။

အလားတူ ပဲခူးမြို့တွင်လည်း ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၉ လက်မခန့် မြင့်တက်နေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်နိုင်ကြောင်း မိုးဇလက အသိပေးထားသည်။

ပဲခူးမြို့၌ မိုးရွာသွန်းမှုနှင့် မြစ်ရေတက်မှုကြောင့် စက်တင်ဘာ ၁ ရက် ညပိုင်းမှစ၍ မြေအနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပေါ်ပြီး စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်-ပဲခူး လမ်းမပေါ်အထိ ရေတက်လာကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

ထို့အပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ၃ ပေ ၁ လက်မခန့်နှင့် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၏ စိုးရိမ်ရေမှတ်အထက် ၄ လက်မခန့် အသီးသီး ကျော်လွန်နေကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။