Home သတင်း လက်နက်ကြီးကြောင့် တောင်ငူခရိုင်မှာ ဒေသခံ(၁၀၀)ကျော် စစ်ဘေးရှောင်နေရ

လက်နက်ကြီးကြောင့် တောင်ငူခရိုင်မှာ ဒေသခံ(၁၀၀)ကျော် စစ်ဘေးရှောင်နေရ

17
Photo: CJ

ဩဂုတ် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂)၊ တောင်ငူ/တောအူးခရိုင်ရှိ ကျောက်တိုင်၊ နံ့သာကုန်းနှင့် ငွေတောင်လေးကျေးရွာမှ ဒေသခံ(၁၂၀)ဝန်းကျင်သည် စစ်အုပ်စု၏လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် ဩဂုတ်လ(၁၀)ရက်နေ့မှစ၍ ဘေးလွတ်ရာ ဆွေမျိုးမိတ်ဆွေနေအိမ်နှင့် စစ်ဘေးရှောင်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက်နေ့က တောင်ငူ-သံတောင်လမ်းအတိုင်း တက်လာသည့် စစ်အုပ်စုမော်တော်ယာဥ်တန်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရင့်နောင်စစ်တပ်စခန်းမှ လက်နက်ကြီးများ ပစ်ခတ်သဖြင့် အဆိုပါကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ပြေးလာတာက (၁၂၀) လောက်ရှိပြီ။ ကျောက်တိုင်နဲ့ ငွေတောင်လေးဘက်မှာ ပစ်တာတွေကြောင့် ရွာထဲမှာ မနေရဲကြတော့ဘူးလေ။ လောလောဆယ် ကလေးနဲ့ လူကြီးတွေပဲ” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ တောင်ငူမြို့ပေါ်၌ စစ်အုပ်စု၏ အစစ်အဆေးများကြောင့် စစ်ဘေးရှောင်စခန်းနေရာ သီးသန့်မရှိတော့ဘဲ စစ်ဘေးရှောင်အများစုမှာ နီးစပ်ရာဆွေမျိုးအိမ်များတွင်သာ ခိုလှုံနေရသဖြင့် စားဝတ်နေရေး အခက်အခဲရှိကြောင်း သိရသည်။

Photo: CJ

စစ်ရှောင်အမျိုးသမီးတစ်ဦးက “တောင်ငူမြို့ထဲမှာ အရင်က စစ်ရှောင်နေရာရှိပေမယ့် သက်ဆိုင်ရာက ရံဖန်ရံခါ လာစစ်တာရှိလို့ အခုနောက်ပိုင်း မရှိသလောက်ဘဲ။ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာပဲလိုက်တည်းနေရတယ်။ စားဝတ်နေရေးအတွက်ကတော့ ခက်တယ်လေ။ ကိုယ့်မြို့ ကိုယ့်ရွာ မဟုတ်တော့ အခက်အခဲ အများကြီးပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းကြောင့် ပဋိပက္ခအခြေအနေ ရက်ရှည်နေပါက ဆွေမျိုးနီးစပ်ရာမရှိသည့် စစ်ဘေးရှောင်များအတွက် နေစရာအခက်အခဲရှိသလို မိုးတွင်းကာလ ကျန်းမာရေးအပြင် စားရေးသောက်ရေး အခြေအနေ စိန်ခေါ်မှုရှိနိုင်ကြောင်းလည်း စစ်ရှောင်ကူညီနေသူများက ဆိုသည်။

ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက စစ်အုပ်စုလက်နက်ကြီးပစ်ခတ်မှုအတွင်း ကျောက်တိုင်ရွာရှိဒေသခံနေအိမ်အချို့ ကျည်စထိမှန်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။