ဩဂုတ် (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုသည် ပြည်သူလူထု၏ နေထိုင်သွားလာမှု၊ အွန်လိုင်းပြောဆိုမှုနှင့် ငွေကြေးစီးဆင်းမှုအပေါ် စောင့်ကြည့်ထိန်းချုပ်ခြင်းကို ပြီးခဲ့သည့် မေလမှ ဇူလိုင်လကုန်အထိ အဆင့်ဆင့် တိုးချဲ့လုပ်ဆောင်လာနေကြောင်း မြန်မာအင်တာနက်ပရောဂျက်-MIP ၏ သုံးလပတ်အစီရင်ခံစာအရ သိရသည်။
မေလအတွင်း နေပြည်တော်မှ အစိုးရဝန်ထမ်းများ၏ ဖုန်းနှင့်ကွန်ပျူတာများရှိ ဂဏန်းနှင့်အက္ခရာ(၁၂)လုံးပါ ကိုယ်ပိုင်အမှတ်အသား MAC address များကို မှတ်ပုံတင်ခိုင်းခြင်းဖြင့် သတင်းပေါက်ကြားရေးကို စစ်အုပ်စုက ထိန်းချုပ်ခဲ့သလို ဇွန်လတွင်လည်း ဟိုတယ်နှင့်တည်းခိုခန်းများတွင် ဧည့်သည်စာရင်းစနစ် (GLIS) စနစ်ကို မဖြစ်မနေအသုံးပြုလာသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
ထိုကာလထဲမှာပင် ပြည်သူများလှုပ်ရှားသွားလာမှုကို စောင့်ကြည့်ရန် GLIS စနစ်အပြင် မှတ်ပုံတင် (သို့မဟုတ်) စမတ်ကတ်အား စကန်ဖတ်ခြင်းဖြင့် မည်သူဖြစ်ကြောင်း စောင့်ကြည့်စစ်ဆေးနိုင်သည့်(PSMS) စနစ် အသုံးပြု တိုးမြှင့်စောင့်ကြည့်နေသော အခြေအနေရှိကြောင်း MIP က ဆိုသည်။
“အင်တာနက်ဖြတ်တောက်တာ၊ ခြေရာခံစောင့်ကြည့်တာ၊ သတင်းမီဒီယာလွတ်လပ်ခွင့် ထိပါးဖိနှိပ်တာတွေကို စစ်အုပ်စုက ဆက်လက်ကျူးလွန်နေပါတယ်။ ဒီအခြေအနေတွေက အများပြည်သူအတွက် အလွန်ဆိုးရွားပြီး လူသားချင်းဆိုင်ရာစာနာထောက်ထားမှုတွေအပေါ် နစ်နာလျက်ရှိပါတယ်” ဟု MIP က အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားသည်။
အဆိုပါ (Person Scrutinization and Monitoring System) PSMS စနစ်ကြောင့် နှစ်လအတွင်း စစ်ဆေးရေးဂိတ်နှင့်ဧည့်စာရင်းစစ်ဆေးရာတွင် ပြည်သူ(၇၄၆)ယောက် ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ပြောဆိုချက်ကို စစ်တပ်ထိန်းချုပ်သည့်မီဒီယာများက ထုတ်ပြန်ခဲ့ခြင်းရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း အမြန်ရထားများအထိ PSMS စနစ်ကို ချဲ့ထွင်သုံးလာပြီး စစ်ဆေးရေးဂိတ်ကြီးများတွင်မူ ထိုစနစ်နှင့်အတူ AI ဖြင့် မျက်နှာပြင်မှတ်သားခြင်း၊ ဇီဝမက်ထရစ်ဒေတာ (Biometric Data) နှင့် မှတ်ပုံတင်ကတ်များကို တိုက်ဆိုင်စစ်ဆေးနေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောကြားချက်အပေါ် MIP က ထပ်ဆင့်ဖော်ပြသည်။
စစ်အုပ်စုသည် မြို့ပြတွင် ဒီဂျစ်တယ်စောင့်ကြည့်မှုနှင့်ပစ်မှတ်ထားဖမ်းဆီးမှု လုပ်ဆောင်နေသလို တိုင်းရင်းသားဒေသများတွင်လည်း ဖုန်းစစ်ဆေးမှုနှင့်အွန်လိုင်းပြောဆိုမှုတို့မှတဆင့် အကြမ်းဖက်မှုဥပဒေပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မများဖြင့် ဖမ်းဆီးအရေးယူနေကြောင်း အစီရင်ခံစာအရ သိရသည်။
ထို့အတူ စစ်အုပ်စုဖွဲ့စည်းထားသည့် “e-Government ဦးဆောင်ကော်မတီ”နှင့်”National Database စနစ်အ ကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီ” တို့၏ စီမံကိန်းများပြီးစီးပါက နိုင်ငံသားအချက်အလက်တွေကို ဗဟိုကပိုမိုခြေရာခံရန် လွယ်ကူသွားမည်ဟု MIP က သတိပေးသည်။
ဌာနဆိုင်ရာစစ်အုပ်စုဝန်ကြီးဌာန ထုတ်ပြန်ချက်အရ e-Government ဦးဆောင်ကော်မတီဆိုသည်မှာ အစိုးရဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်း၍ ဌာနဆိုင်ရာများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသော ကော်မတီဖြစ်သည်။ National Database စနစ် တည်ဆောက်ရေး ဦးဆောင်ကော်မတီကိုမူ ၂၀၂၂ ခုနှစ် မေလက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကော်မတီများသည် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုမြှင့်တင်ရေးအတွက်ဟု စစ်အုပ်စုက ဆိုသော်လည်း ပြည်သူများ၏ ကိုယ်ရေးအချက်အလက်နှင့် biometric data များကို ဗဟိုက စောင့်ကြည့်ထိန်းချုပ်နိုင်သည့် စနစ်တစ်ခုအဖြစ် အသုံးချခံရနိုင်ကြောင်း၊ ပွင့်လင်းမြင်သာမှုရော ဒေတာကာကွယ်ရေးအာမခံချက်ရော မလုံလောက်ကြောင်း စောင့်ကြည့်လေ့လာသူများက ဝေဖန်နေကြခြင်းရှိသည်။



















