Home သတင်း နိုင်ငံတကာ၏ပံ့ပိုးကူညီမှုရရှိရန် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေး ကွန်ရက်(KWAN) ဖွဲ့စည်း

နိုင်ငံတကာ၏ပံ့ပိုးကူညီမှုရရှိရန် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေး ကွန်ရက်(KWAN) ဖွဲ့စည်း

13
Photo: KWAN

ဩဂုတ် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်လူမျိုးများအတွက် နိုင်ငံတကာ၏ပံ့ပိုးကူညီမှုရရှိရန်၊ ကော်သူးလေ(ကရင်ပြည်)တွင် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်ငြိမ်းချမ်းရေးကို အာမခံနိုင်ရန် စသည့် ရည်မှန်းချက်များဖြင့် ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ရက်(KWAN) ကို ဩဂုတ်လ(၅)ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပ အရပ်ဖက် ကရင်လူမှုအဖွဲ့အစည်းများပူးပေါင်းစုဖွဲ့ထားသည့် KWAN အား မြန်မာအပါအဝင် နိုင်ငံတကာရောက် ကရင်လူမျိုးများ၏ အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်မှုအတွက် စည်းရုံးလှုံ့ဆော်ရန် ရည်ရွယ်၍လည်း ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကွန်ရက် ထူထောင်ပြီးစီးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

“မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုအဆုံးသတ်စေမယ့် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့အတွက် တိုက်တွန်းလှုံ့ဆော်သွားမှာ ဖြစ်သလို၊ လုံလောက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိစေဖို့အတွက်လည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်ပြည်သူများက စုစည်းလှုပ်ရှားဆောင်ရွက်သွားကြမယ်”ဟု KWAN ၏ ညှိနှိုင်းရေးမှူး နန့်ဘွားဘွားဖန်း က ပြောသည်။

ထို့အပြင် ကွန်ရက်သည် အရပ်သားများကို အကာအကွယ်ပေးရေး၊ နိုင်ငံရေးတွင် ပါဝင်အသိအမှတ်ပြုခံရရေး၊ ဒုက္ခသည်များ၊ ပြည်ပရောက်ကရင်များ၏ အကာအကွယ်မြှင့်တင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဒီမိုကရေစီအရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရေး စသည့် ရည်မှန်းချက်(၇)ချက်ကို သဘောတူထားကြောင်းလည်း သိရသည်။

Photo: KWAN

ဦးစားပေးအဆင့်အနေဖြင့် မြန်မာစစ်တပ်ထံ လက်နက်နှင့် ငွေကြေးစီးဆင်းမှု ဖြတ်တောက်ရန်၊ ကော်သူးလေ စစ်ရှောင်(၁)သန်းကျော်အတွက် အကူအညီရရန်၊ စစ်အုပ်စု၏ တရားဝင်မှုကို ငြင်းပယ်ရန်နှင့် နိုင်ငံတကာတရား စီရင်ပိုင်ခွင့်ကို အသုံးပြု၍ တရားမျှတမှု ရရှိရေးတို့ကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် ပြည်ပရောက် ကရင်ဒုက္ခသည်များ၏ အခွင့်အရေးကို ကာကွယ်ပေးမည်ဖြစ်သလို၊ လုံခြုံရေးအတွက် ကရင်ဒေသတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများကို တိုက်ဖျက်ရန်နှင့် လူ့အခွင့်အရေးကိုမြှင့်တင်ကာကွယ်ပေးရေး ဆောင်ရွက်ရန် ထည့်သွင်းဖော်ပြသည်။

ထို့အတူ အာဆီယံ၊ အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂ (EU) နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ တရားဝင်မှုကို ငြင်းပယ်ပြီး တော်လှန်ရေးနှင့် တိုင်းရင်းသားအခွင့်အရေးအတွက် ပါဝင်လှုပ်ရှားနေကြသော တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို တိုက်ရိုက်ထိတွေ့ဆက်ဆံ ကူညီပေးရန် KWAN က တောင်းဆိုထားသည်။

KWAN ကို ကရင် CBO ၊ CSO အဖွဲ့အစည်းများအပြင် ဥရောပနိုင်ငံများ၊ မြောက်အမေရိကနှင့် အာရှ-ပစိဖိတ်ဒေသရှိ ကရင်အသိုင်းအဝိုင်းများဟူ၍ ဒေသ (၄) ခုမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။