Home သတင်း လူသတ်မှုဖြင့် သေဆုံးသူ ရုရှားမောင်နှမကို မြှုပ်နှံရာအနီး ထိုင်းမိသားစု (၃) ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

လူသတ်မှုဖြင့် သေဆုံးသူ ရုရှားမောင်နှမကို မြှုပ်နှံရာအနီး ထိုင်းမိသားစု (၃) ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

16
Photo: Bangkok Post

ဩဂုတ် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့၊ ဘန်လာမုန်၌ အသတ်ခံခဲ့ရသည့် ရုရှားမောင်နှမနှစ်ဦး၏ ရုပ်အလောင်း မြှုပ်နှံထားရာအနီးတွင် နောက်ထပ် ထိုင်းမိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ(၂၆)ရက်နေ့ နံနက်အစောပိုင်းက အသက် ၂၂ နှစ်အရွယ် ဒိုင်ယာနာ နှင့် အသက် ၁၇ နှစ်အရွယ် မောင်ဖြစ်သူ ရိုမန် တို့ ရုရှားနိုင်ငံသားမောင်နှမ(၂)ဦးမှာ ဘန်လာမုန်ရှိ ၎င်းတို့နေအိမ်မှ ဆိုင်ကယ်ဖြင့်ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လူပျောက်မှုကို ၎င်းတို့မိခင်ဖြစ်သူက ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ CCTV မှတ်တမ်းမှတဆင့် ဒေသခံများ သတင်းပေးပို့ချက်အရ ဇူလိုင် (၂၉) ရက်နေ့တွင် မောင်နှမနှစ်ဦး စီးနင်းသွားသည့် ဆိုင်ကယ်အား အစိတ်အပိုင်းများ တစစီဖြုတ်၍ မြေမြှုပ်ထားသည်ကို စတင်ဖော်ထုတ်နိုင်ခဲ့သည်။

ထို့နောက် တရားခံ ၂ ဦးဖြစ်သည့် Pong နှင့် Thong ဆိုသူကို ပတ္တရားခရိုင် ရဲတပ်ဖွဲ့က ဆက်လက်ခြေရာခံခဲ့ပြီး ဆာခေါက်ပြည်နယ်တွင် ဇူလိုင် (၃၁) ရက် ညနေပိုင်းက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုအား တရားခံ Pong က ရုရှားအမျိုးသားငယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ပြန်လည်ခုခံသည့် အမျိုးသမီးကို လက်သီးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုခဲ့သည်။

Photo: Bangkok Post

ထို့နောက် ၎င်းမောင်နှမ၏ ရုပ်အလောင်းများ မြှုပ်နှံထားသည့်နေရာနှင့် ၂ ကီလိုမီတာခန့် အကွာတွင် ထိုင်းလူမျိုး ဖခင်၊ မိခင်နှင့် ကလေးငယ် စုစုပေါင်း (၃) ဦး၏ ရုပ်အလောင်းများကို သီးခြားထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ရုပ်အလောင်း ၅ လောင်းအထိ ရှိလာခဲ့ကြောင်း ထိုင်းနိုင်ငံ၊ နယ်မြေ (၂) ရဲတပ်ဖွဲ့ ကော်မရှင်နာက ထိုင်းမီဒီယာများကိုပြောသည်။

ကျုးလွန်သူများမှာ ထိုင်းမိသားစုအား သတ်ဖြတ်ရာ၌ ရဲတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ကာ ၎င်းတို့နေအိမ်အတွင်းဝင်ရောက်၍ လက်ထိပ်ခတ် ခေါ်ဆောင်သွားပြီးနောက် အုန်းခြံတစ်နေရာ၌ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းမိသားစုကိုသတ်ဖြတ်သည့်အမှုတွင် Pong နှင့် Thong အပြင် “Fluke” နှင့် “Ball” ဟုအမည်ရသည့် နောက်ထပ် သံသယရှိသူ ၂ ဦးလည်း ပါဝင်နေပြီး ထိုင်းရဲတပ်ဖွဲ့လက်ဝယ် ဖမ်းဆီးရမိသူ နှစ်ဦးမှာလည်း ပြစ်မှုမှတ်တမ်းဟောင်း ရှိသူများဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

ကျန်ရှိတရားခံ(၂)ဦးမှာမူ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသဖြင့် ရဲတပ်ဖွဲ့က ဒေသတွင်း ပိုက်စိပ်တိုက် စီးနင်းရှာဖွေလျက်ရှိကြောင်းလည်း ထိုင်းသတင်းများအရ သိရသည်။

Ref: thethaiger