Home သတင်း ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၀၀ ကျော် DKBA နှင့် ပြန်လည်ပူးပေါင်း

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၀၀ ကျော် DKBA နှင့် ပြန်လည်ပူးပေါင်း

20
Photo: CJ

ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေသော ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ပြန်လည်ပူးပေါင်းလိုက်ကြောင်း သိရသည်။

ယခင်တပ်မှူးဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်စောကျော်သက်အပါအဝင် တပ်ဖွဲ့ဝင်အင်အား ၃၅၀ ဦးအား တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံလိုက်ပြီး အမှတ် (၃) စစ်ကွပ်ကဲရေး၏ စစ်ကွပ်ကဲမှူး တာဝန်ခံအဖြစ် ခန့်အပ်လိုက်ကြောင်း DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) က ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“ဒီနေ့ပဲ အသိပေး တရားဝင် ထုတ်ပြန်လာတာ ဖြစ်တယ်။ အရင်က ကျနော်တို့က သီးသန့်တပ်အနေနဲ့ ရပ်တည်တယ်လို့ ပြောလို့ရတယ်။ လက်ရှိအချိန်မှာ အင်အားတစ်ခုဖြစ်အောင် ကိုယ့်တပ်ဖွဲ့နဲ့ ပြန်လည်ပူးပေါင်းလိုက်တာပါပဲ၊ တစ်ခြားတော့ မရှိပါဘူး” ဟု ဗိုလ်မှူးချုပ်စောကျော်သက်က ကေအိုင်စီသို့ အတည်ပြု ပြောသည်။

ဗိုလ်မှူးချုပ်စောကျော်သက်သည် အာရှလမ်းမကြီး တိုက်ပွဲတွင် အာဏာသိမ်းစစ်အုပ်စုကို အနီးကပ်တိုက်ခိုက်ခဲ့သည့် ကျားဖြူစစ်ကြောင်းမှူး တာဝန်ယူခဲ့ဖူးသူတစ်ဦး ဖြစ်သည်။

သူသည် ယခင်က DKBA ၏ ကလိုထူးဝါးစစ်ကွပ်ကဲရေးတွင် စစ်ကွပ်ကဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထိုစဉ်က အာရှလမ်းမကြီးအနီး မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်က ၎င်းအား ၂၀၁၅ ခုနှစ်တွင် DKBA အဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၎င်းတို့တပ်ဖွဲ့ဝင်များသည် ခွဲထွက် DKBA အဖြစ် သီးသန့်ရပ်တည်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့်အတူ အာဏာသိမ်းစစ်အုပ်စုကို တစ်ထောင့်တစ်နေရာမှ ပါဝင်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။