ဇူလိုင် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်ခေါင်းဆောင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်မည့်ခရီးစဥ်သည် သံတမန်ရေးရာအတွက်မဟုတ်ဘဲ နှစ်ဖက်နိုင်ငံအတွက် အကျိုးရှိမည့်ကိစ္စများကိုဆွေးနွေးရန်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က ဆိုသည်။
လာမည့် သြဂုတ်လပထမအပတ်အတွင်း မြန်မာအာဏာသိမ်းသမ္မတအဖွဲ့၊ ဘန်ကောက်မြို့ကို လာရောက်ဖို့ရှိနေပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ကွက်မြစ်အတွင်းဖြစ်ပွားနေသော မြစ်ရေအဆိပ်သင့်မှုအပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို ဆွေးနွေးမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြားချက်ကို ထိုင်းမီဒီယာများအချို့တွင် ဖော်ပြသည်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် မြန်မာ့အရေးအပါအဝင် အီရန်စစ်ပွဲနှင့်တောင်တရုတ်ပင်လယ်အငြင်းပွားမှုများကို အဖြေရှာဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကြသည့်ဆွေးနွေးပွဲ၌ ထိုင်းနိုင်ငံဘက်က အာဆီယံထဲ မြန်မာနိုင်ငံ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေး ထောက်ခံခဲ့ပြီးနောက် ယခုလို မင်းအောင်လှိုင်၏ဘန်ကောက်ခရီးစဥ် ဖြစ်လာသည်။
ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း မြစ်ရေညစ်ညမ်းမှု၊ တောင်ယာမီးရှို့မှုများနှင့် မူးယစ်ဆေးဝါးကိစ္စအပါအဝင် နယ်စပ်ဖြတ်ကျော်ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေသည့်ကိစ္စများကို ဖြေရှင်းရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး မြန်မာစစ်ခေါင်းဆောင်၏ဘန်ကောက်ခရီးစဥ်အတွင်း ပြောဆိုကြမည်ဟု ဆိုသည်။
အာဆီယံသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘုံသဘောတူညီချက်(၅)ရပ်ကို ကိုင်ဆောင်ထားသော်လည်း ထိုင်း၏အကြံပြုချက်ဖြင့် မြန်မာကိုယ်စား စစ်အုပ်စုကိုယ်စားလှယ်များနှင့် ပြန်လည်ထိတွေ့ဆက်ဆံလာခြင်းအပေါ် အာဏာသိမ်းမှုကိုလက်မခံသော အင်အားစုများနှင့်ပြည်သူလူထုအကြား ဝေဖန်ပြောဆိုနေခြင်း ရှိသည်။
ထိုင်းနိုင်ငံအနေဖြင့်မူ အာဆီယံသဘောတူချက်များကို စွန့်လွှတ်ခြင်းမဟုတ်ဘဲ “နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဒါမှမဟုတ် မူးယစ်ဆေးဝါးပြဿနာတွေလိုမျိုး ကျနော်တို့ ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးတဲ့ နှစ်နိုင်ငံ သီးသန့်ကိစ္စရပ်တွေ ရှိပါတယ်” ဟု မင်းအောင်လှိုင်နှင့် ဘန်ကောက်တွင်တွေ့ဆုံမည့်အပေါ် နိုင်ငံခြားရေးဝန်ကြီး၏ပြောကြားချက်ကို နိုင်ငံတကာသတင်း AFP က ဇူလိုင်လ(၂၂)ရက်နေ့တွင် ဖော်ပြသည်။
တဖက်တွင်လည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းက တရုတ်ပိုင် ကျောထောက်နောက်ခံပြုထားသော မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းမြောက်ပိုင်းတွင် မြစ်ရေအဆိပ်သင့်မှု ပေါ်ထွက်လာသည်ဟူ၍ အချက်အလက်နှင့်တကွ ထိုင်းတက်ကြွလှုပ်ရှားသူများက ဘန်ကောက်နှင့် ချင်းမိုင် သံရုံးအရှေ့အထိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းရှိသည်။
ထို့နောက် မဲခေါင်မြစ်ရေအတွင်း သတ္တုညစ်ညမ်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှုကိုဖြေရှင်းရန် သက်ဆိုင်ရာ နှစ်နိုင်ငံအကြား ဆက်သွယ်ရေး၊ ညှိနှိုင်းပူးပေါင်းနှင့် ပူးတွဲစုံစမ်းရန် တရုတ်က သံရုံး၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် တောင်းဆို၍ ပံ့ပိုးကူညီသွားမည်ဟု ပြောဆိုထားသည်။
ထိုင်းဝန်ကြီးချုပ် အနုတင်ကမူ မြစ်ညစ်ညမ်းမှုပြဿနာနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံ တင်ပြဆွေးနွေးခြင်း မရှိသေးကြောင်း ဘန်ကောက်ခရီးစဥ်အတွင်း သဘာဝပတ်ဝန်းကျင်ကိစ္စများ ဆွေးနွေးမည့်အကြောင်း တရားဝင်ဖော်ထုတ်ရာတွင် ဖြည့်စွက်ပြောသည်။
ဒေသတွင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိဖို့ ကြိုးစားနေချိန်တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် သမ္မတ ရာထူးရယူပြီး အိန္ဒိယ၊ တရုတ်နှင့် လာအိုပြီးလျှင် ၄ ခုမြောက်နိုင်ငံအဖြစ် ထိုင်းနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။



















