Home သတင်း မြန်မာပြည်တောင်ပိုင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စောင့်ကြည့်ကာကွယ် အကူအညီပေးရန် SBHN တိုက်တွန်း

မြန်မာပြည်တောင်ပိုင်းရှိ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စောင့်ကြည့်ကာကွယ် အကူအညီပေးရန် SBHN တိုက်တွန်း

16

ဇူလိုင် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာပြည်တောင်ပိုင်းဒေသရှိ စစ်ရေးလှုပ်ရှားမှုနှင့် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူများလုံခြုံရေးစိန်ခေါ်ခံနေရသည့်အပေါ် စောင့်ကြည့်ကာကွယ်ပြီး အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတိုးမြှင့်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများကို မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ယက် (SBHN) က တိုက်တွန်းသည်။

SBHN က ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွက် မြန်မာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှု အစီရင်ခံစာတွင် အရပ်သားများအပေါ် ဖိနှိပ်မှုများ၊ စစ်ဘေးရှောင်ရွှေ့ပြောင်းမှုများနှင့်ပတ်သက်၍ အရေးပေါ်အကောင်အထည်ဖော်ရန် အစီရင်ခံစာတွင် ထည့်သွင်းတိုက်တွန်းထားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကမ်းလှမ်းမှုရှိထားသည့် ရက်(၁၀၀)စီမံကိန်းအောက်တွင်ပင် မြန်မာပြည်တောင်ပိုင်းဒေသ၌ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများကို ဆက်တိုက်ကျူးလွန်ခဲ့ပြီး အရပ်သားများအပေါ် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်နေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

အထူးသဖြင့် ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူဦးရေများပြားလာသလို ရေးမြို့နယ်တွင်လည်း လေကြောင်းရန်ကြောင့် ဒေသခံများမှာ ညအချိန် နေအိမ်တွင် မအိပ်ရဲဘဲ တောတောင်ခြံဝင်းများထဲသို့ သွားရောက်အိပ်စက်နေကြရသည်ဟု ဆိုသည်။

ထို့အတူ ရေဖြူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်လည်း စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်များ၌ ခရီးသွားလာခွင့်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များကို တင်းကြပ်စွာ ကန့်သတ်ခြင်း၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည်။

ဇွန်လနောက်ဆုံးပတ်တွင်လည်း စစ်အုပ်စုက ရေးချောင်းဖျားဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံများ၏ ဥယျာဉ်ခြံများအတွင်း စခန်းချခြင်း၊ လမ်းခရီးတစ်လျှောက်ရှိ လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်းနှင့် လမ်းပြအဖြစ် အသုံးပြုခြင်းများ ရှိနေကြောင်း အစီရင်ခံစာအရ သိရသည်။

ယင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပြင် နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုများ ပိုမိုမြင့်မားလာနေသောကြောင့် စစ်ဘေးရှောင်များနှင့် ထိခိုက်လွယ်သူများအတွက် ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ အဟန့်အတားမရှိစေဘဲ အရေးပေါ်အကူအညီနှင့် ကာကွယ်ရေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ပေးရန် နိုင်ငံတကာအဖွဲ့စည်းများအား SBHN က တိုက်တွန်းသည်။

ထို့အတူ လက်နက်ကိုင်၊ စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာလူသားစာနာထောက်ထားမှုဥပဒေကို လိုက်နာရမည့်အပြင် လူသားစာနာထောက်ထားမှုလမ်းကြောင်းများကို ဖွင့်ပေးရမည်ဖြစ်ပြီး တိုင်းရင်းသားအခွင့်အရေးကိုလည်း လေးစားလိုက်နာကြရန် SBHN က အကြံပြုထားသည်။

မွန်၊ ကရင်၊ တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးတို့ပါဝင်သည့် မြန်မာပြည်တောင်ပိုင်းဒေသ၏ လူ့အခွင့်အရေးမှတ်တမ်းများ ပြုစုအစီရင်ခံနေသော SBHN သည် မွန်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူသားချင်းစာနာမှုဆိုင်ရာနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအပါအဝင် လူထုခေါင်းဆောင်များအကြား ဖွဲ့စည်းထားသော ကွန်ရက်တစ်ခု ဖြစ်သည်။