Home သတင်း KNLA ကြားဖြတ်တိုက်၍ ဖလူး-မင်းလက်ပံကိုတက်လာသည့်စစ်အုပ်စု အကျအဆုံးများပြီး ပြန်ဆုတ်

KNLA ကြားဖြတ်တိုက်၍ ဖလူး-မင်းလက်ပံကိုတက်လာသည့်စစ်အုပ်စု အကျအဆုံးများပြီး ပြန်ဆုတ်

19
Photo: CJ

ဇူလိုင် (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့်စစ်အုပ်စုစစ်ကြောင်းအား ယနေ့ ဇူလိုင်(၉)ရက်နေ့ မနက်ပိုင်းတွင် KNLA နှင့်ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်၍ ထိခိုက်ကျဆုံးမှုများပြီး နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။

ယနေ့ မနက်(၈)နာရီဝန်းကျင်တွင် လေးကေကော်မြို့အနောက်ဘက်ရှိ ကျောက်တောင်ကြောနေရာတွင် စစ်အုပ်စုစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးဖြင့်ပစ်ကူပေးခဲ့သည်ဟု KNLA သတင်းအရင်းအမြစ်က ဆိုသည်။

“လေးကေကော်အနောက်ဘက်က ရပ်တော်မူဘုရားကုန်းကျောက်တောင်ကြောမှာ စစ်တပ်ကွန်မန်ဒိုစစ် ကြောင်းနဲ့ပစ်ကြတာရှိတယ်။ ထိတာကျတာများတော့ ပြန်ဆုတ်သွားပြီ၊ လက်နက်ကြီးကတော့ လက်ခတ် တောင်စစ်တပ်က ပစ်ကူပေးတာ ရှိနေသေးတယ်” ဟု အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် မင်းလက်ပံနှင့်ဖလူးရွာဘက်သို့တက်လာသည့် စစ်အုပ်စုစစ်ကြောင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က ရဲနှင့်တပ်သားသစ် အပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း (၃၀)ခန့် ထိခိုက်သေဆုံးမှုရှိခဲ့သည်။ ယင်းနောက် အဆိုပါစစ်ကြောင်းမှာ တပ်ခေါက်၍ နောက်ကြောင်းပြန်ဆုတ်သွားသည်ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

Photo: CJ

ဖလူးရှိ စစ်ရေးအခြေအနေသိသူတစ်ဦးက “ဖလူးသင်္ချိုင်းလမ်းဘက်ကနေ စစ်သားသစ်လေးတွေ တက်လာတယ်၊ ရဲတွေလည်းပါတယ်။ KNLA တပ်တွေနဲ့ပစ်ကြတော့ ကျကုန်တာရော ထိကုန်တာရော (၃၀) ဝန်းကျင်ရှိတယ်။ လူတွေကိုနောက်တန်းပြန်သယ်ပြီးတော့ တိုက်ပွဲရပ်သွားတယ်” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

ယနေ့ မွန်းလွဲပိုင်းအချိန်အထိ စစ်အုပ်စုသည် လက်ခတ်တောင်၊ ခြေလျှင်တပ်ရင်း ခလရ-၂၇၅ နှင့် KK Park အွန်လိုင်းငွေလိမ်ဂိုဏ်းနေရာဟောင်းမှ လက်နက်ကြီးနှင့် မစ်ဇိုင်း အတွဲလိုက်ပစ်ဒုံးများကို နာရီခြား၍ ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ရှိနေသည်။

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ရှိ မဲ့ကိုကင်း ကျေးရွာဘက်သို့ ကျည်ကျရောက်ပေါက်ကွဲမှုများရှိနေသလို ထိုင်းစစ်တပ်ဘက်ကလည်း လုံခြုံရေးမပြတ် အကဲခတ်စောင့်ကြည့်လျက်ရှိရာ ရွာနေ၎င်းတို့လူထုကိုလည်း အကာအကွယ်နေရာများတွင် ပြောင်းရွှေ့နေစေကြောင်း နယ်စပ်သတင်းများအရ သိရသည်။

ထို့အတူ မဲ့ကိုကင်းကျေးရွာရှိ ထိုင်းစာသင်ကျောင်းများအားလုံး ယာယီပိတ်ထားရပြီး လတ်တလောစာသင်ကြားရန် ကျေးရွာခန်းမ၊ ဘုန်းကြီးကျောင်းနှင့်ဖွံ့ဖြိုးရေးစင်တာနေရာများသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးထားသည်ဟု ရွာနေထိုင်သူများက ပြောသည်။