ဇွန်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်တွင် ဖုန်းအသုံးပြုသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးက ၇ နှစ်အရွယ်ရှိ ၎င်း၏ညီမငယ်ကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် ထိုင်းသတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူနှင့် ကျူးလွန်သူမိန်းကလေးတို့မှာ အမေတူအဖေကွဲ ညီအစ်မများ ဖြစ်ကြပြီး အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆန်ခလဘူရီအခြေစိုက် သတင်းရင်းမြစ်တစ်ခုက ယခုလို ပြောသည်။
“သတင်းက နှစ်မျိုးဖြစ်နေတယ်။ ပထမတစ်မျိုးက စနောက်ရင်းနဲ့ ပါးစပ်ပိတ်လိုက်ရာကနေ အသက်ရှူကျပ်ပြီး ဆုံးသွားတယ်လို့ ဆိုတယ်။ နောက်တစ်မျိုးကတော့ ခေါင်းကို အိတ်နဲ့စွပ်လိုက်လို့ အသက်ရှူကျပ်ပြီး ဆုံးသွားတာလို့ ကြားရတယ်” ဟု ၎င်းက ဆိုသည်။
သတင်းဖော်ပြချက်များအရ သေဆုံးသူ မိန်းကလေးငယ်၏ ရုပ်အလောင်းကို အဝတ်ဗီရိုအတွင်း ခေတ္တဝှက်ထားပြီးနောက် မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် နေအိမ်နှင့် ၆၀၀ မီတာခန့်ဝေးသော ရာဘာခြံအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့ကြသည်။ ထိုသို့ ရုပ်အလောင်းကို ဖျောက်ဖျက်ရာတွင် အစ်ကိုဝမ်းကွဲဖြစ်သူနှင့် ဦးလေးဖြစ်သူတို့က လိုက်ပါကူညီခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြကြသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ ဒုတိယရဲချုပ်ကိုယ်တိုင် ဆန်ခလဘူရီသို့ လာရောက်စစ်ဆေးနေပြီး အမှုကျူးလွန်သူ မိန်းကလေးနှင့် အစ်ကိုဝမ်းကွဲဖြစ်သူတို့က ရဲတပ်ဖွဲ့ထံ အပြစ်ရှိကြောင်း ဝန်ခံထားပြီးဖြစ်သည်။

“ထိုင်းဒုရဲချုပ်ကိုယ်တိုင် ရောက်လာပြီး စစ်ဆေးနေတယ်။ ဦးလေးဖြစ်သူကို သံသယရှိလို့ စစ်ဆေးပေမယ့် သူကတော့ ငြင်းဆိုထားတုန်းပဲ။ ကလေးတွေကတော့ စနောက်ရာကနေ ဖြစ်သွား တာလို့ ဝန်ခံတယ်။ အလောင်းသယ်တဲ့အချိန်မှာ အစ်ကိုဝမ်းကွဲနဲ့ ဦးလေးဖြစ်သူတို့က ဝိုင်းကူကြ တာဆိုတော့ အကုန်လုံးက ကြံရာပါတွေ ဖြစ်နေတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
သို့သော်လည်း သေဆုံးသူ၏ မိဘနှစ်ပါးစလုံးမှာ ဤဖြစ်စဉ်ကို မယုံကြည်နိုင်သေးဘဲ ဖခင်ဖြစ်သူကလည်း အမှုမှန်ပေါ်ပေါက်ရန် လိုလားနေသည်။
မိခင်ဖြစ်သူမှာ လက်ရှိတွင် စိတ်ကျန်းမာရေး ကုသမှုများ ခံယူနေရကြောင်း သိရသည်။ ထို့အပြင် သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရသည့် လက္ခဏာများ တွေ့ရှိရကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ ညီအစ်မနှစ်ဦးစလုံးမှာ မွန်တိုင်းရင်းသား နွယ်ဖွား ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။ ၎င်းဖြစ်စဉ်ကြောင့် နယ်မြေအတွင်း လုံခြုံရေး တင်းကျပ်ထားပြီး ကင်းလှည့်မှုများ ပိုမိုလုပ် ဆောင်လာကြောင်း သိရသည်။ အမှုမှန် အမြန်ဆုံး မပေါ်ပေါက်ပါက ဆန်ခလဘူရီအတွင်း နေထိုင်ကြသည့် ရွှေ့ပြောင်းမွန်လူမျိုးများအပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း ဒေသအခြေစိုက် သတင်းသမားများက သုံးသပ်ထားကြသည်။



















