Home သတင်း ဖားအံမြို့နယ် သံလွင်မြစ်အတွင်း စစ်အုပ်စုမှ လက်နက်ကြီးအစမ်းပစ်ခတ်မည်

ဖားအံမြို့နယ် သံလွင်မြစ်အတွင်း စစ်အုပ်စုမှ လက်နက်ကြီးအစမ်းပစ်ခတ်မည်

363

ဇွန်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်မြစ်အတွင်း စစ်အုပ်စု၏ မောရဝတီရေတပ်ဌာနချုပ်မှ လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် လက်နက်ကြီးအစမ်းပစ်ခတ်မှု ပြုလုပ်မည်ဖြစ်၍ ဒေသခံပြည်သူများ သတိပြု ကြရန် နှိုးဆော်ထားကြောင်း သိရသည်။

သံလွင်မြစ်အတွင်း မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၄၆) စစ်ရေယာဉ်စုကွပ်ကဲမှုအောက်ရှိ မြစ်တွင်းတိုက်ရေယာဉ် (၃၀၃) က ထိုသို့ လေ့ကျင့်ပစ်ခတ်မှု ပြုလုပ်မည်ဖြစ်ကြောင်း ဖားအံမြို့နယ် စစ်အုပ်စု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသခံများထံ အကြောင်းကြားစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ လေ့ကျင့်ပစ်ခတ်မှုကို သံလွင်မြစ်ကြောင်းရှိ ကော့လှိုက်ကျွန်းအနီးတွင် ပြုလုပ်မည်ဖြစ်ပြီး ၎င်းပတ်ဝန်းကျင် ဧရိယာ (၃) မိုင်အတွင်း လူများ၊ ငါးဖမ်းရေယာဉ်များနှင့် လှေ၊ သမ္ဗာန်များ ဝင်ရောက်ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန် အသိပေးတားမြစ်ထားသည်။

ထို့ကြောင့် လက်နက်ကြီး အစမ်းပစ်ခတ်မည့် နေရာနှင့် နီးစပ်သည့် ကော့လှိုက်၊ ကော့ဂွန်းနှင့် နှစ်ခြား စသည့် ကျေးရွာများရှိ ဒေသခံပြည်သူများကို ကျေးရွာတာဝန်ရှိသူများက လိုက်လံသတိပေးထားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ရွာတွေမှာတော့ အဲဒီအနီးဝန်းကျင်ကို လှေတွေမသွားဖို့နဲ့ ကြောက်လန့်မှုမဖြစ်ဖို့ သတိပေး ထားတာရှိတယ်။ လက်ရှိမှာလည်း သံလွင်မြစ်ထဲမှာ စစ်တပ်ရဲ့ စက်လှေတွေနဲ့ သင်္ဘောတွေကို အမြဲတမ်းလိုလို တွေ့နေရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စု ရေတပ်သည် သံလွင်မြစ်အတွင်း ယခင်ကလည်း အလားတူ လက်နက်ကြီး အစမ်းပစ် ခတ်မှုများ ပြုလုပ်လေ့ရှိသော်လည်း ယခင်က ဖားအံမြို့အထက်ဘက်ခြမ်းရှိ မိကရင်နှင့် မိဇံကျွန်း အနီးဝန်းကျင်တွင်သာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်တွင်မူ ဖားအံမြို့အောက်ဘက်ခြမ်းသို့ နေရာပြောင်းရွှေ့၍ ပစ်ခတ်လေ့ကျင့်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။