မေ (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တွင် ကျန်းမာရေးဝန်ဆောင်မှုအပြင် ကျန်းမာရေးကဏ္ဍလက်လှမ်းမီနိုင်ရေးကိုပါ လူသားချင်းစာနာထောက်ထားမှုဖြင့် လုပ်ဆောင်ပေးနေသည့် အုန်းဖန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဝိုရဝစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO က UAE ကျန်းမာရေးဖောင်ဒေးရှင်းဆု ချီးမြှင့်လိုက်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
နယ်စပ်ဒေသကပြည်သူများအပြင် နိုင်ငံမဲ့များ၊ စစ်ဘေးရှောင်များအတွက် နယ်စပ်ဖြတ်ကျော်ကျန်းမာရေးအစီအစဥ်မှတဆင့် ကူးစက်ရောဂါကာကွယ်ရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး စသဖြင့် ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့သည့် ဒေါက်တာဝိုရဝစ်ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါဆုချီးမြှင့်ခြင်းဖြစ်သည်ဟု WHO က ဆိုသည်။
သူ၏ လုပ်ဆောင်ချက်များကြောင့် နယ်စပ်ရှိ အထောက်အထားမဲ့လူနာများအတွက် ကျန်းမာရေးထောက်ပံ့ကြေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ဆုံးဖြတ်ချက် ချမှတ်ရေးအထိ အထောက်အကူဖြစ်စေခဲ့ကြောင်း ထိုင်းမီဒီယာမှဖော်ပြချက်အရ သိရသည်။
ဒေါက်တာ ဝိုရဝစ်ဦးဆောင်သော ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့ ပြည်သူ့ဆေးရုံသည် တစ်ရက်လျှင် ပြင်ပ လူနာ ၃၀၀ ကျော် အထိ လက်ခံကုသပေးသော ဆေးရုံဖြစ်သည်။ WHO က ချီးမြှင့်သောဆုကြောင့် သူ၏ စီမံခန့်ခွဲမှုအောက်ရှိ ဝန်ထမ်းများအတွက် စံနမူနာတစ်ရပ်ဖြစ်စေပြီး ဒေါက်တာဝိုရဝစ် အတွက်လည်း ခွန်အားဖြစ်စေမည်ဟု နယ်စပ်ဒေသအခြေပြု ကျန်းမာရေးအဖွဲ့များက ဆိုသည်။
“ကျမတို့ရဲ့ နိုင်ငံအနေအထားနဲ့ Secondary Care က တိတိကျကျမရှိသေးလို့ နယ်စပ်ဖြတ်ကျော်ပြီး အုန်းဖန်ကို ပဲသွားရတယ်။ အဲ့လိုသွားတဲ့အခါ ငွေကြေးကုန်တယ်၊ ဒါကို အန်းဖန်ဆေးရုံက ကာဗာပေးတယ်။ ဒီဆုရတဲ့အပေါ်မှာ ကျမတို့ ဝမ်းသာတယ်၊ ဆရာကြီးက ဒီဆုနဲ့ ထိုက်တန်တယ်” ဟု အုန်းဖန်မြို့တဖက်ရှိ ကျောထရွာလူထုအခြေပြုဆေးခန်းမှ ဆရာမနော်နော်က ကေအိုင်စီကို ပြောသည်။
ဒေါက်တာ ဝိုရဝစ် ဆုရရှိခြင်းကြောင့် ကျန်းမာရေးဆိုင်ရာပံ့ပိုးမှုများ ပိုမိုရရှိလာနိုင်ရန်နှင့် နယ်စပ်ဒေသကျန်းမာရေးလုပ်ငန်းများကို ချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ဆရာမနော်နော်က ဖြည့်စွက်ပြောသည်။
ဒေါက်တာ ဝိုရဝစ်သည် နယ်စပ်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အားကောင်းစေရန် ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံမှ လူထုအခြေပြု ကျန်းမာရေးလုပ်သားများနှင့် လက်ထောက်သားဖွားဆရာမများအား လေ့ကျင့်သင်တန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆုကို WHO က ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွာစွမ်းဆောင်နိုင်သူများကို ဂုဏ်ပြုသောအားဖြင့်ချီးမြှင့်ရန် ၁၉၉၃ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည်။ UAE ကျန်းမာရေးဖောင်ဒေးရှင်းဆုအား ထိုင်းနိုင်ငံအနေဖြင့် ဒေါက်တာဝိုရဝစ်က ပထမဆုံးအပ်နှင်းခံရခြင်းဖြစ်ကြောင်း WHO က မှတ်ချက်ပြုထားသည်ဟုလည်း ထိုင်းမီဒီယာများက ဖော်ပြသည်။



















