Home သတင်း မြဝတီမှ အွန်လိုင်းငွေလိမ်လုပ်သူများ နေရာရွှေ့ပြောင်းမှု ခပ်စိပ်စိပ်ဖြစ်ပွားနေ

မြဝတီမှ အွန်လိုင်းငွေလိမ်လုပ်သူများ နေရာရွှေ့ပြောင်းမှု ခပ်စိပ်စိပ်ဖြစ်ပွားနေ

424
Photo: CJ

မေ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အမှတ်(၅)၊ အမှတ်(၃)ရပ်ကွက်နေရာများတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသူများ မော်တော်ယာဉ်များဖြင့် ပြီးခဲ့သည့် မေလ (၁၀) ရက်နေ့မှစ၍ နေရာရွှေ့ပြောင်းမှု ခပ်စိပ်စိပ်ရှိလာကြောင်း မြဝတီမြို့ခံများက ပြောသည်။

လက်နက်ကိုင်ယာဉ်တန်းပေါ်တွင် စီးနင်းလိုက်ပါလာသည့် အဆိုပါကျားဖြန့်လုပ်ကိုင်သူများတွင် မြန်မာ လူမျိုးအပါအဝင် တရုတ်နှင့် အခြားနိုင်ငံခြားသားများ တွေ့မြင်နေရပြီး ညစဉ်လိုလို အသုတ်လိုက် နေရာပြောင်းရွှေ့နေကြသည်ဟု မြဝတီမြို့ ကြံခင်းလမ်းမတွင် နေထိုင်သူက ပြောသည်။

“ညဘက် ၈ နာရီ၊ ၉ နာရီဆို အဖွဲ့အစည်းကားတွေနဲ့ မြို့ပြင်ထွက်ထွက်သွားကြတယ်။ တချို့က စတိုး ဆိုင်တွေမှာ ခဏဈေးဝင်ဝယ်သေးတယ်။ သွားတာတော့ ကျောက်ခက်၊ ဘလယ်ဒို၊ ဝါးမီထ၊ သေ့ဘော ဘိုးဘက်ကိုလို့ ကားသမားတွေက ပြောတယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ မြို့ခံက ပြောသည်။

ကျားဖြန့်လုပ်ကိုင်သူများအား မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်သည့် အစီအစဉ်ကို ကရင်နယ်ခြားစောင့်တပ် (BGF/KNA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့တို့က လုပ်ဆောင်ပေးသည်ဟု မြို့ခံများက ဆိုသည်။

အဆိုပါ ပြောဆိုမှုချက်နှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သက်ဆိုင်ရာ ကရင်လက်နက်ကိုင်အဖွဲ့များထံမှ တုံ့ပြန်ချက်ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

တစ်ဖက်တွင်လည်း နယ်စပ်ကျားဖြန့်ပြဿနာတွင် အလိုတူအလိုပါအဖြစ် လူထုဝေဖန်ခံနေရသည့် စစ်အုပ်စုက ကျားဖြန့်ဦးဆောင်လုပ်နေသူများကို အမြင့်ဆုံးသေဒဏ်အထိ ပေးမည့် ဥပဒေကြမ်းတစ်ခုကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။

သို့သော် မြဝတီကျားဖြန့်များ နေရာရွှေ့ပြောင်းရာတွင် စစ်အုပ်စုဂိတ်များကို အခကြေးငွေပေး၍ ဖြတ်သန်းခွင့်ရနေသည်ဟု လက်နက်ကိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “အဖွဲ့အစည်းယာဉ်တန်းနဲ့ဆိုပေမဲ့ စစ်တပ်ဂိတ်တွေကိုတော့ ဂိတ်ကြေးပေးရတယ်” ဟု ကေအိုင်စီကို ပြောသည်။

အွန်လိုင်းငွေလိမ်လုပ်ကိုင်သူများမှာ မြဝတီမြို့မှ မြဝတီတောင်ပိုင်းနယ်စပ်ဘက်သို့ ပြောင်းရွှေ့ နေကြခြင်း ဖြစ်သလို ကရင်ပြည်နယ်ထဲသို့ ရွှေ့ပြောင်းသွားခြင်းလည်းရှိကြောင်း မြို့ခံများနှင့် ကရင်လက်နက်ကိုင်နီးစပ်သူများထံမှ သိရသည်။

စစ်အုပ်စုသည် မြဝတီမြို့အုပ်ချုပ်ရေးအတွက် ဌာနဆိုင်ရာနေရာများ ခန့်အပ်ချထားခြင်းရှိသော်လည်း နှစ်ပေါင်းများစွာကြာ ထိန်းချုပ်လာသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ကိုင်နေသော အခြေအနေတွင် ဖြစ်သည်။

ထို့အပြင် စစ်အုပ်စုက လက်နက်ကိုင်အဖွဲ့များ မြို့အတွင်း လက်နက်ကိုင်ဆောင်သွားလာမှုအပေါ် ကန့်သတ်ချက် မကြာခဏထုတ်ပြန်တားမြစ်မှုရှိလာသည်။ သို့ရာတွင် ယခင်အတိုင်း လက်နက်ကိုင် သွားလာမှု မပြတ်သလို တရားမဝင်စီးပွားရေးလုပ်ငန်းများလည်း ဆက်လက်လုပ်ကိုင်ခြင်းရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။