မေ (၁၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၌ စစ်အုပ်စုနှင့်ကရင်လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလတစ်လလုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးပြီး စစ်အုပ်စုဘက်မှ(၂၆)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူစာရင်းအရ သိရသည်။
ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်မှု၊ ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှု၊ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုဖြင့် တိုက်ခိုက်မှုအကြိမ်ပေါင်း(၂၅)ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၆)ဦးသေဆုံး၍ (၂၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဧပြီ(၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဘီးလင်းမြို့နယ်၊ စစ်အုပ်စု လေးကေစခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၄)ဦးကို ဖမ်းဆီးရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ (၅)ဦးသေဆုံးကာ (၁၂)ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ကေအဲန်ယူ ဒူးသထူခရိုင်၏ စာရင်းက ဖော်ပြသည်။
ကေအဲန်ယူ သတ်မှတ်နယ်မြေအရ ဘီးလင်း၊ ကျိုက်ထို၊ ဖားအံ(မွန်ပြည်နယ်)၊ မြို့နယ်များသည် တပ်မဟာ(၁)နယ်မြေ၊ ဒူးသထူခရိုင်အတွင်း ပါဝင်သည်။

ဘီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ဧပြီလဆန်းရက်အတွင်း စစ်အုပ်စုက လေယာဥ်ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး အရပ်သားထိခိုက်မှု၊ နေအိမ်ပျက်စီးမှုနှင့် စစ်ဘေးရှောင်အခြေအနေတို့ ရှိခဲ့သည်ဟု နယ်မြေတာဝန်ရှိသူအပါအဝင် ဒေသခံတို့က ဆိုသည်။
ထို့အတူ ကေအဲန်ယူက ဒူးသထူခရိုင်အတွက် တစ်လတာအနှစ်ချုပ်ထားသည့် စာရင်းတွင်လည်း ဧပြီတစ်လလုံး စစ်အုပ်စုကလေကြောင်းတိုက်ခိုက်မှု (၁၁၃)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၅)ကြိမ်လုပ်ဆောင်ခဲ့သည်။ ယင်းကြောင့် အရပ်သား(၂)ဦးသေဆုံးကာ (၉)ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့်ဘာသာရေးအဆောက်အအုံ (၇၃)လုံးအထိ ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ယခုမေလအထိ ဘီးလင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစုများက စစ်အုပ်စုဝင်းတာပန်စခန်းကို ပိတ်ဆို့တိုက်ခိုက်နေသည့် တိုက်ပွဲအခြေအနေဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ ဝင်းတာပန်ရွာအတွင်း အင်အားတိုးမြှင့်၍ စစ်အုပ်စုအထိုင်ချနေခြင်းကြောင့် ရွာခံများ နေရပ်မပြန်နိုင်သေးသည့် အခြေအနေရှိကြောင်းလည်း ဒေသခံများကဆိုသည်။



















