Home သတင်း နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုသည် စစ်အုပ်စု၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း AAPP ဝေဖန်

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုသည် စစ်အုပ်စု၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း AAPP ဝေဖန်

240
Photo: Original Uploader

ဧပြီလ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုက မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့ခြင်းသည် နိုင်ငံတစ်ဝန်းလုံးကို ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောဆိုလိုက်သည်။

ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့တွင် ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ စစ်အုပ်စုက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီနှင့် အခြားနိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့်ပေးခဲ့ခြင်းအပေါ် ဝမ်းမြောက်သော်လည်း ၎င်းမှာ ခြွင်းချက်အနေဖြင့် လွှတ်ပေးခြင်းသာဖြစ်ကြောင်း AAPP က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုသည် အကျဉ်းသားအချို့ကို လွှတ်ပေးခဲ့သော်လည်း တစ်ဖက်တွင် နှစ်ကူးအတာသင်္ကြန်ကာလအတွင်း၌ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းစသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဥပဒေမဲ့စွာ ဆက်လက်ကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

“အခုလို လွှတ်ပေးတာဟာ စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့လက်ပါးစေတွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ သက်သက်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်တည်ငြိမ်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပထမဆုံး လုပ်ဆောင်ရပါလိမ့်မယ်” ဟု AAPP၏ ထုတ်ပြန်ချက်တင် ပြောဆိုထားသည်။

ထို့အပြင် လွှတ်ပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသားများမှာလည်း အကျဉ်းထောင်မှ လွတ်မြောက်လာပြီဖြစ်သော်လည်း အကျဉ်းမှ အကျယ်သို့ ပြောင်းလဲထိန်းချုပ်ခံရသည့် သဘောမျိုးဖြစ်နေပြီး ပြင်ပလောကတွင်လည်း အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်ရနိုင်ကြောင်း AAPP က ဆိုသည်။

အထူးသဖြင့် လွတ်မြောက်လာသူများအနေဖြင့် မိမိတို့နေရပ်သို့ ပြန်ရန် ခက်ခဲခြင်း၊ ပဋိပက္ခဒေသများအတွင်း လုံခြုံရေးစိုးရိမ်ရခြင်းနှင့် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေမည့် ဥပဒေ၏ ခြိမ်းခြောက်မှုများကြောင့် မသေချာမရေရာသည့် အခြေအနေများကို ရင်ဆိုင်နေရသည်ဟု AAPP က ဆက်လက်ဖော်ပြထားသည်။

စစ်အုပ်စု၏ ယခုလုပ်ရပ်သည် စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖော်ဆောင်နိုင်မည်မဟုတ်သည့်အတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့ရည်မှန်းချက်ပန်းတိုင်သို့ မရောက်မချင်း စုစည်းညီညွတ်စွာ ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်ကြောင်းလည်း တိုက်တွန်းနှိုးဆော်ထားသည်။

မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်နှင့်အမျှ ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့်ချီသော နိုင်ငံရေးအကျဉ်းသားများမှာလည်း အကျဉ်းထောင်အသီးသီးတွင် ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။