ဧပြီလ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မြစ်ကျိုး ကျေးရွာအုပ်စု၊ လေးကေကျေးရွာကို စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ယမန်နေ့ ဧပြီလ ၂ ရက် ညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများ နေရပ်ပြန်မနေရဲကြသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ ညပိုင်းက လေးကေကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သလို ဧပြီလ ၂ ရက်နေ့ ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင်လည်း ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု နယ်မြေသတင်းအရင်းအမြစ်များမှ သိရသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေးကေကျေးရွာနှင့် ကပ်လျက်ရှိ တာပေါကျေးရွာအတွင်းရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
“အိမ်တွေတော်တော်များများ ပျက်စီးကုန်တယ်။ အခုက ရွာထဲကို ဘယ်သူမှ သွားမကြည့်ရဲသေးဘူး။ လေးကေ နဲ့ တာပေါကြားက အဲ့နားက ရွာတော်တော်များများ ဘေးလွတ်ရာပြေးကုန်ပြီ” ဟု ကေအဲန်ယူ၏ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လေးကေနှင့် တာပေါကျေးရွာ အုပ်စု(၂) စုရှိ ရွာပေါင်း(၁၁) ရွာမှ ဒေသခံများ နေအိမ်များသို့ မပြန်ရဲဘဲ လတ်တလောတွင် ဥယျာဉ်ခြံများနှင့် တော၊ တောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ၎င်းတာဝန်ရှိသူက ဖြည့်စွက် ပြောသည်။
ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိ သည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလအတွင်း ဒူးသထူ (သထုံ) ခရိုင်တွင် စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်နက်ကြီးကျည်စ ထိမှန်၍ နှစ်လအတွင်း အရပ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ခရိုင်က ပြုစုထုတ်ပြန်သည့် လချုပ်စာရင်းအရ သိရသည်။



















