ဧပြီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)၊ မူတြော်(ဖာပွန်)ခရိုင်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းနှစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကေအဲန်ယူထံမှ သိရသည်။
ဖာပွန်မြောက်ပိုင်းရှိ ထဲနယ်ကျိုးနှင့် ကော့သွေးကျိုးအမည်ရှိ စစ်အုပ်စုစခန်းများအား KNLA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ကေအိုင်စီသို့ အတည်ပြုပြောသည်။
“စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခုကိုတော့ တော်လှန်ရေးပူးပေါင်းတပ်ဘက်ကနေပြီးတော့မှ သိမ်းပိုက် နိုင်ခဲ့တယ်။ အဲဒီစခန်းတွေကတော့ ဖာပွန်ရဲ့မြောက်ပိုင်းမှာရှိတဲ့ ထဲနယ်ကျိုးနဲ့ ကော့သွေးကျိုးစခန်းနှစ်ခုဖြစ်တယ်” ဟု ဒုဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောသည်။
အဆိုပါစခန်း (၂) ခုကို သိမ်းပိုက်ပြီးနောက် KNLA နှင့် ပူးပေါင်းတပ်က နယ်မြေရှင်း လင်းရေးလုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း စစ်အုပ်စုထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် ထိခိုက်ဒဏ်ရာရရှိသူစာရင်းကို မသိရှိရသေးဟု ကေအဲန်ယူပြောခွင့်ရသူက ဖြည့်စွက်ပြောသည်။
မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်း တည်ရှိသည့် ထိုစခန်းများသည် စစ်အုပ်စု၏ ထောက်ပို့ အချက်အချာကျလမ်းကြောင်းအနီးတွင် တည် ရှိသည်။ တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင် ခြင်းကြောင့် စစ်အုပ်စု၏ ရိက္ခာ၊ စစ်ကူကို ယာယီဖြတ်တောက်နိုင်ရာရောက်ကြောင်းလည်း တော်လှန်ရေးအင်အားစုက ဆိုသည်။
မူတြော်ခရိုင်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့ပြီး လတ်တလောအချိန်ထိ စစ်အုပ်စု၏ အဓိကစခန်းထဲမှ တစ်ခုအပါအဝင်ဖြစ်သော ဖာပွန်ဗျူဟာကို KNLA ဘက်က သိမ်းနိုင်ရန် ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။
ထို့အတူ ဖာပွန်မြို့၏ ရာခိုင်နှုန်း (၇၀) ကို KNLA က ထိန်းချုပ်ထားနိုင်ပြီး ခရိုင်တစ်ခုလုံး အတိုင်းအတာအနေဖြင့် စစ်အုပ်စုစခန်းအလုံး (၃၀) ဝန်းကျင်သာ သိမ်းရန် ကျန်ရှိတော့ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလက တပ်မဟာ(၅) တပ်မဟာမှူးမှ ကေိုင်စီသို့ ပြောခဲ့သည်။



















