Home သတင်း ဖားအံတွင် သင်္ကြန်ပွဲတော် စည်ကားစွာကျင်းပရန် ပြည်နယ်စစ်အုပ်စု စီစဥ်

ဖားအံတွင် သင်္ကြန်ပွဲတော် စည်ကားစွာကျင်းပရန် ပြည်နယ်စစ်အုပ်စု စီစဥ်

479
Photo: CJ

ဧပြီ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စည်ကားသိုက်မြိုက်စွာရေကစားနိုင်ရန် ပြီးခဲ့သည့်မတ်လကတည်းက ပြည်နယ်စစ်အုပ်စုမှ စီစဥ်နေကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။

ဖားအံမြို့ ကမ်းနားလမ်းတစ်လျှောက်မှ မြသီတာဆေးရုံရှေ့အထိ လမ်းလျှောက်ရေကစားနိုင်သော လမ်းလျှောက်သင်္ကြန်၊ ဖားအံ ညဈေးတန်းအနီး သံလွင်မြစ်ကမ်းနံဘေးတွင်ကျင်းပမည့် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်နှင့် ချစ်သူလမ်းကြား၊ ကွယ်ကဘောင်ဟိုတယ်အနီးရှိ ရေကစားမဏ္ဍပ်များဖြင့် ကျင်းပရန် စီစဥ်နေခြင်းဖြစ်သည်။

“သင်္ကြန်က အရင်နှစ်တွေကလို လွတ်လွတ်လပ်လပ်မပျော်ရသလို ကုန်ဈေးနှုန်းတွေကသာတက်နေတာ လစာကတက်မလာလို့ ဘာပွဲမှလည်းစိတ်မပါတော့ပါဘူး“ ဟု ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖားအံမြို့ခံများပြောပြချက်အရ မြို့အတွင်း ယမန်နှစ်က အတာသင်္ကြန်ပွဲတော်အတွက် လမ်းလျှောက် သင်္ကြန်များနှင့် လူစည်ကားရာနေရာများတွင် သင်္ကြန်မဏ္ဍပ်များဆောက်လုပ်ကာ ရေကစားပွဲတော်ပြုလုပ်ခဲ့သော်လည်း တက်တက်ကြွကြွ ပါဝင်သူ စစ်အုပ်စု ဝန်ထမ်းအသိုင်းအဝိုင်းသာ ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်ကိုလည်း သံလွင်မြစ်ကမ်းနံဘေးတွင် စည်စည်ကားကားပြုလုပ်ရန် ယမန်နှစ်ကစီစဥ်အကောင်အထည်ဖော်ခဲ့သေးသည်။ သို့ရာတွင် တိုက်ပွဲအခြေအနေကြောင့် အစီအစဥ်ပျက်သွားပြီး ယခုနှစ်တွင် လာမည့်ဧပြီလ(၇)ရက်မှ ဧပြီ(၂၀)ရက်နေ့အထိ ကျင်းပရန် ထပ်မံလုပ်ဆောင်လာခြင်းဖြစ်သည်။

ကရင်ပြည်နယ်စစ်အုပ်စုက လာမည့်သင်္ကြန်ကာလအတွင်း မြို့အတွင်းရေကစားသူများဖြင့် စည်ကားစေရန် ပြင်ဆင်နေသော်လည်း တဖက်တွင် လောင်စာဆီအကြပ်အတည်းကြောင့် မတ်လဆန်းမှစပြီး အခြေခံလူတန်းစားများအကြား သွားလာရေးနှင့် လူမှုဘဝများ အခက်အခဲဖြစ်နေသည်။

ဖားအံမြို့ခံအမျိုးသမီးက “အခုကဆီဈေးကလည်းတက် ဝယ်ရတာကလည်းခက်နေတော့ သင်္ကြန်လည်ဖို့ ထက်ကုန်ဈေးနှုန်းတွေ ထပ်တက်မှာကိုစိုးရိမ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ယခုနှစ်သင်္ကြန်တွင် ဆီချွေတာသည့်အနေဖြင့် မော်တော်ယာဥ်များဖြင့် လည်ပတ်ခွင့်ပြုမည် မဟုတ်သလို လမ်းလျှောက်ခြင်းဖြင့်သာ ရေကစားနိုင်ရန် စီစဥ်ထားကြောင်း ပြည်နယ်စစ်အုပ်စုအသိုင်းအဝိုင်းမှ သတင်းထွက်ပေါ်လျက်ရှိပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။