ဧပြီ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လယ်ယာစပါး အဓိက စိုက်ပျိုးလုပ်ကိုင်သည့် ဧရာဝတီတိုင်းဒေသတွင် လောင်စာဆီ ရှားပါးမှု နှင့် စျေးနှုန်း အဆမတန်ကြီးမြင့်မှုကို ကြုံတွေ့နေရပြီး စိုက်ပျိုးလုပ်ကိုင်ရေးအတွက် အခက်ကြုံလာကြရသည်ဟု လယ်သမား များကပြောသည်။
လက်ရှိ ဓာတ်ဆီစျေးနှုန်းအရ တစ်လီတာကို ကျပ်ငွေ ၁၇,၀၀၀ အထိ စံချိန်တင် မြင့်တက်နေသလို ရေနံဆီစျေးနှုန်းမှာလည်း လေးဂါလံ တစ်ဗုံးကို ကျပ်ငွေ တစ်သိန်းခွဲကနေ လက်ရှိ ၂သိန်းကျော် ရှိလာ သည်ဟု ပန်းတနော်မြို့နယ်နေ လယ်သမားတစ်ဦးက ပြောသည်။
“ဟိုတစ်ရက်နှစ်ရက်ကပဲ ဓာတ်ဆီ တစ်လီတာ (၁၄,၀၀၀) ရှိတယ်။ အခု တစ်လီတာ (၁၇,၀၀၀) ရောင်းနေတယ် အပြင်ဆိုင်တွေမှာ။ ဆီဆိုင်ကြီးတွေမှာက သွားတန်းစီ ဝယ်ရတာ။ အဲ့မှာလည်း စျေးတက်တာပဲ။ ဝယ်လို့လည်း လွယ်လွယ်မရဘူး။ အခုက စပါးရိတ်မလို့ ချွေလေ့ရိတ်ခ ကလည်း တစ်ဧက ၂ သိန်းတောင်းနေတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။
ယခုလို လောင်စာဆီ စျေးနှုန်းအဆမတန်မြင့်တက်လာမှုကြောင့် လယ်ယာ စိုက်ပျိုးရေးအတွက် လောင်စာဆီ အဓိက အားထားနေရသည့်လယ်သမားများအနေဖြင့် လက်ရှိ နွေစပါး ရိတ်သိမ်းချွေလေ့ရန် ကုန်ကျစရိတ် အဆမတန် တိုးများလာခြင်းကြောင့် စပါးရိတ်သိမ်းရန် အခက်ကြုံနေရသည်ဟုလည်း အဆိုပါ လယ်သမား တစ်ဦးက ဆက်ပြောသည်။
ယခင်က စပါးများကို လူငှား ရိတ်သိမ်းလေ့ရှိကြသော်လည်း ကျေးရွာများတွင် လူငယ်အများအပြား ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်သူ တိုးလာသောကြောင့် တောင်သူလယ်သမားများ လုပ်သားရှားပါးမှုကိုပါ ကြုံတွေ့ နေရသည်ဟု ဆိုသည်။

လောင်စာဆီ စျေးနှုန်းမြင့်တက်ပြီး လုပ်သားရှားပါးမှု နှင့် စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ် များနေသော်လည်း လက်ရှိ စပါးစျေးကျဆင်းနေသောကြောင့် စိုက်ပျိုးရေးစရိတ်ပင် မကာမိဘူးဟု လယ်သမားများကဆိုသည်။
အိမ်မဲမြို့နယ်က လယ်သမား မန်းမြင့်ဝင်း က “စပါးက ရိတ်သာ ရိတ်ရမှာ စျေးက မရှိဘူး။ အခု စပါးစျေး အစိုက ဒိုင်ကို ကိုယ်တိုင် ပို့ပေးရင် တင်းတစ်ရာကို ၁၂ သိန်းနဲ့ ၂သောင်း၊ သူတို့ကိုယ်တိုင်လာယူရင် ၁၁ သိန်းခွဲပဲရ တယ်။ ပြောရရင် တစ်တင်းကို တစ်သောင်း စွန်းစွန်းပဲ ရတာပေါ့။ ဒါပေမဲ့ ဒီမှာက တော်တော်များများ အစိုပဲ ရောင်းကြတာများပါတယ်။ အရင်နှစ်ထက် စျေးနည်းတယ်။ ပြောရရင် သူများကို လုပ်ကျွေးနေရသလိုပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
လောင်စာဆီစျေးနှုန်းမြင့်တက်လာနှင့်အတူ ကုန်စျေးနှုန်းများပါ စျေးမြင့်တက်နေပြီး အဓိကအားဖြင့် အခြေခံ စားသုံးဆီစျေးနှုန်းပါ စျေးတက်လာနေကြောင်း ဒေသခံ လယ်သမားများက ဆိုသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ၏ ရိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် မတ်လဆန်းပိုင်းကတည်းက လောင်စာဆီ ပြတ်လပ်မှု ကြုံတွေ့လာရမှာကို စိုးရိမ်၍ ဆီတိုးဝှေ့ဝယ်ယူမှုများ စတင်ကြုံတွေ့လာရပြီးနောက် အခုလို နောက်ဆက်တွဲ ဆီစျေးနှုန်း မြင့်တက်လာကြောင်း သိရသည်။
အလားတူ ဆီဆိုင်ကြီးများတွင် ဆီသွားရောက် တန်းစီ ဝယ်ယူ၍ အပြင်စျေးများတွင် ပြန်လာရောင်းချ လုပ်ကိုင် နေသူများလည်းရှိနေကြောင်းလည်း အခြေအနေကို သိရှိသည့် ဒေသခံများက ပြောသည်။



















