Home သတင်း ထိုင်းတွင် မတ်လ ၁၈ ရက်နေ့မှစပြီး စက်သုံးဆီဆိုင်များတွင် ဆီစျေးနှုန်းများ မြင့်တက်မည်

ထိုင်းတွင် မတ်လ ၁၈ ရက်နေ့မှစပြီး စက်သုံးဆီဆိုင်များတွင် ဆီစျေးနှုန်းများ မြင့်တက်မည်

449

မတ်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံတွင် လာမည့် မတ်လ ၁၈ ရက်နေ့၊ နံနက်ဖြန်မှစပြီး စက်သုံးဆီဆိုင်ကြီးများတွင် ဆီစျေးနှုန်းများကို စတင်တိုးမြှင့်သွားတော့မည်ဟု ထိုင်းအစိုးရက ယနေ့နံနက်တွင် ကြေညာပြောဆိုလိုက်သည်။

ဓာတ်ဆီနှင့် ဒီဇယ်စျေးနှုန်းများ ဖြည်းဖြည်းချင်း မြင့်တက်လာမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် လည်းဖြစ်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးလည်းဖြစ်သူ ဖိဖတ် ရပ်ချကစ်ပရာကန် (Phiphat Ratchakitprakarn) က ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ ဒီဇယ်စျေးနှုန်းကို တစ်လီတာလျှင် (၁) ဘတ်ထက်မပိုသော နှုန်း ထားဖြင့် တိုးမြှင့်သွားမည်ဖြစ်ပြီး အမြင့်ဆုံး (၃၃) ဘတ်အထိသာ ကန့်သတ်ထားမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး၏ ပြောဆိုမှုကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြရေးသားထားသည်။

ထို့အပြင် ဒီဇယ်စျေးနှုန်း ထပ်မံတိုးမြှင့်မည့် အစီအစဉ်ကိုမူ ယနေ့ညနေပိုင်းတွင် အစိုးရက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရနှစ်ဆက်လက်ထက်တွင်လည်း ဒီဇယ်စျေးနှုန်းမှာ တစ်လီတာလျှင် (၃၄.၉၄) ဘတ်အထိ ရှိခဲ့ဖူးကြောင်း ဖိဖတ် ရပ်ချကစ်ပရာကန်က ပြောဆိုပြီး အဆိုပါစျေးနှုန်းအထိ ရောက်ရှိအောင် ဖြည်းဖြည်းချင်း တိုးမြှင့်သွားမည်ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ စက်မှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် B20 ဒီဇယ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါ B20 ဒီဇယ်စျေးနှုန်းမှာ B7 ဒီဇယ်ထက် တစ်လီတာလျှင် (၄) ဘတ် သို့မဟုတ် (၅) ဘတ်ခန့် ပိုမိုသက်သာမည်ဖြစ်ကြောင်း အစိုးရက တရားဝင် ပြောကြားထားသည်။

လက်ရှိတွင် ဒေသတွင်း စက်သုံးဆီဆိုင်အချို့၌ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းမှာ ဝယ်လိုအားတိုးမြင့်ခြင်းနှင့် လောင်စာဆီများကို အချိန်မီ ပို့ဆောင်ပေးနိုင်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောဆိုခဲ့သည်။

သယ်ယူပို့ဆောင်ရေးဝန်ကြီး၏ အဆိုအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသေးစား စက်သုံးဆီဆိုင်ပေါင်း ၂၀,၀၀၀ ခန့်ရှိ အဆိုပါ အရောင်းဆိုင်ငယ်များတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အဓိက အမှတ်တံဆိပ်ကြီးများတွင် ဝယ်လိုအားအ ဆမတန်မြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုထားသည်။

အစိုးရက ထုတ်ပေးထားသည့် ရေနံလောင်စာဆီရန်ပုံငွေသည် ဘတ် (၁၂) ဘီလီယံခန့် အရှုံးပေါ်နေပြီး လက်ရှိယာယီအစိုးရအနေဖြင့် ရန်ပုံငွေ၏ အရှုံးပမာဏကို ဘတ်ဘီလီယံ (၄၀) အထိသာ အများဆုံး ခံနိုင်ရည်ရှိအောင် ကန့်သတ်ထားမည်ဖြစ်ကြောင်းလည်း သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် စက်သုံးဆီပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်မဟုတ်ကြောင်း ၎င်းက ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပြီး စက်သုံးဆီဖူလုံမှုရှိစေရန်အတွက် လိုအပ်ပါက ရုရှားနိုင်ငံမှ ရေနံစိမ်းများဝယ်ယူရန် အစိုးရက စီစဉ်ထားကြောင်းလည်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားသည်။