Home Facts Checking News ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား

ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား

3153

ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား

မတ် (၁၁)ရက်၊ ၂၀၂၆ ခုနှစ်။

KIC/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag/ MFCN

အနှစ်ချုပ်

စစ်လော်ဘီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ “ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာတွေမှာရှိတဲ့ ပြည်သူ ၃၀ ကျော်ကို တပ်မတော်စစ်ကြောင်းတွေ ကသတ်ဖြတ်တယ်ဆိုတာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်ဆိုတဲ့ အကြောင်းအရာ ဟာ ကေအိုင်စီ သတင်းဌာနနှင့် ဟုတ်တယ် Vs မဟုတ်ဘူး အဖွဲ့တို့ အချက်အလက်စစ်ဆေးမှုအရ ဦးတည်ချက်လွှဲမှားအောင် လုပ်ကြံဖန်တီးထားသည့် အကြောင်းအရာအမှားဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ပျံ့နှံ့မှု

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်က ကျေးရွာတွေမှာ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူတွေက KNU, PDF တွေဖြစ်တယ်။ စစ်အုပ်စုက ရွာသားတွေကိုသတ်ခဲ့တာသတင်းအမှား၊ ရွာထဲကိုစစ်တပ်စစ်ကြောင်းမဝင်ခဲ့ဘူးလို့ စစ်အုပ်စုမီဒီယာတွေက ဝါဒဖြန့်သတင်းအမှား ဖြန့်ချိနေပါတယ်။

မှိုင်းဝေရဲ့မတ်လ(၉)ရက်နေ့က သတင်းမှာ ကေအဲန်ယူကတင်ထားတဲ့ မှတ်တမ်းသက်သေပုံများကိုသုံးကာ အလောင်းတွေက KNU, PDF တွေ၊ ရွာသားတွေကိုလည်း စစ်တပ်ကစစ်ဆေးမေးမြန်းဖို့ မြေကြီးပေါ်မှောက်ခိုင်းထားတာဖြစ်တယ်၊ သတင်းအမှားလို့ဆိုပါတယ်။

မှိုင်းဝေ- https://archive.ph/8jLam

အချက်အလက်စစ်ဆေးပေးသယောင်နဲ့ တန်ပြန်ဝါဒဖြန့်နေတဲ့ Fact Checkအမည်ခံ တယ်လီဂရမ်ကလည်း အဲဒီရွာတွေကို စစ်အုပ်စုကစစ်ကြောင်းတောင်မဝင်ခဲ့ဘဲ အထင်မြင်လွဲအောင်ဖန်တီးထားတာလို့ မတ်လ(၁၀)ရက်နေ့က သတင်းဖော်ပြပါတယ်။
Fact Check – https://archive.ph/Xre5J

ဒီသတင်းကို ယုံကြည်ရတဲ့သတင်းအရင်းအမြစ်တွေ၊ သတင်းဌာနတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်တယ်လို့ Myanmar Fact-Checking အဖွဲ့ဝင် ကေအိုင်စီနဲ့ The Red Flag တို့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သတင်းစိစစ်ချက်

Fact Check တယ်လီဂရမ်မှာ ညောင်လေးပင်က ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ခရုကုန်း ကျေးရွာတွေကို စစ်ကြောင်းမထိုးခဲ့ဘူးလို့ ဖော်ပြထားတာဖြစ်ပါတယ်။ မှိုင်းဝေ တယ်လီဂရမ်မှာတော့ အဲဒီရွာတွေထဲမှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အပုံလိုက်သေဆုံးနေတဲ့ အလောင်း(၃)လောင်းခန့်က KNU, PDF အလောင်းလို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့မှာ “ဓားစာခံအဖြစ် ဖမ်းဆီးထားသော ပြည်သူ (၃၀၀) ကျော်ကို PDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ကယ်ထုတ်” ဆိုပြီး သတင်းထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

https://tinyurl.com/4v95twkb

ကေအဲန်ယူထုတ်ပြန်တဲ့ မတ်လ(၉)ရက်နေ့က ထုတ်ပြန်ချက်မှာတော့ မတ်လ(၅)ရက်နေ့မှာ စစ်အုပ်စုစစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူတွေကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ မတ်လ(၇)ရက်နေ့က နှစ်ဖက်တိုက်ပွဲမှာ ပြည်သူ(၃၀)ထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ကေအဲန်ယူက ဆိုပါတယ်။

https://tinyurl.com/422sebdj

ဒီဖြစ်စဥ်ကို မတ်လ(၉)ရက်နေ့က ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ကလည်း ထုတ်ပြန်ခဲ့ပြီး စစ်တပ်လေကြောင်းဗုံးကြဲမှုနဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေကို စာရင်းနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

https://tinyurl.com/hhvb4jpv

ဒါ့အပြင် သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေကြတဲ့ သတင်းဌာနတွေမှာလည်း အဲဒီသတင်းနဲ့ဆက်စပ်ပြီး အခုလိုဖော်ပြကြပါတယ်။

The Irrawaddy သတင်းဌာနက “ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အာဏာသိမ်း စစ်တပ်စီးနင်းခံထားရတဲ့ ရွာတွေထဲ ပိတ်မိနေတဲ့ ဒေသခံအရပ်သားတွေထဲက ၃၀၀ ကျော်ကို ကယ်ထုတ် ထားနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တခုက ပြောပါတယ်။” ဆိုပြီး ရုပ်သံတင်ဆက်ထားတာကို တွေ့ရှိရပါတယ်။

https://tinyurl.com/45bk9e5h

ကေအိုင်စီသတင်းဌာနကလည်း ကေအဲန်ယူအပါအဝင် ဒေသခံသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး မတ်လ(၅)ရက်နေ့က စစ်အုပ်စုစစ်ကြောင်းဝင်လာပြီးနောက် ပြည်သူကိုဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
KIC- https://tinyurl.com/42368yuk

ဖမ်းဆီးခံပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့က ကယ်ထုတ်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ Myanmar Now သတင်းဌာန၏မတ်လ(၁၀)ရက်နေ့ သတင်းမှာ တွေ့ရပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်တွင်  ဒေသခံအများအပြား အသတ်ခံရ၊ စစ်ရေးဆက်လက်ပြင်းထန်နေ

BBC ရဲ့ ယနေ့သတင်းဖော်ပြချက်မှာလည်း ညောင်လေးပင်မြို့နယ်မှာ စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူကိုကယ်ထုတ်ဖို့ စစ်ဆင်ရေးအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့တာကို ဖော်ပြထားပါတယ်။

BBC – https://tinyurl.com/yetn8dke

သတင်းမီဒီယာတွေမှာတင်ပြတဲ့အချက်အလက်နဲ့လက်တွေ့ လွဲမလွဲ သီးခြားစစ်ဆေးအတည်ပြုနေတဲ့ TNISO ကလည်း ညောင်လေးပင်က ကျေးရွာတွေမှာ စစ်အုပ်စုဝင်ရောက်သွားလာနေတာတွေ၊ တဖက်မှာ စုပုံထားတဲ့အလောင်းတွေနဲ့ ရွာသားတွေကိုတွေ့ခဲ့ရတာ ဟုတ်တယ်လို့ ဆိုပါတယ်။

TNISO – https://shorturl.at/4ww6h

သုံးသပ်ချက်

စစ်အုပ်စုကိုထောက်ခံတဲ့ တယ်လီဂရမ်တွေက တဖက်မှာ ရွာတွေထဲစစ်ကြောင်းမထိုးဘူးလို့ ပြောနေပေမယ့် တဖက်မှာတော့ ရွာထဲ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီလိုရှေ့နောက်မညီတဲ့ ဖော်ပြချက်အပြင် သူတို့ဖော်ပြထားတဲ့ ပုံတွေကလည်း တတော်လှန်ရေးတပ်ဖွဲ့တွေဆီက ကူးယူထားတာဖြစ်ပါတယ်။ စစ်အုပ်စု လက်ထဲကလွတ်မြောက်လာတဲ့ ဒေသခံတွေရဲ့ပြောပြချက်အရ အခြေအနေတစ်ခုလုံးကို NUG ရဲ့ မှတ်တမ်းရုပ်သံဖိုင်ထဲမှာ တွေ့ရှိခဲ့ရပြီး ယုံကြည်ရတဲ့သတင်းအရင်းအမြစ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာလည်း စစ်အုပ်စုက ရွာသားတွေကို ဖမ်းဆီး၊ သတ်ဖြတ်မှုကျူးလွန်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ညောင်လေးပင်မှာ သေဆုံးသူတွေဟာ အရပ်သားတွေမဟုတ်၊ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတာ စစ်အုပ်စုမီဒီယာတွေရဲ့ ဝါဒဖြန့်ထားတဲ့ ဦးတည်ချက်လွှဲမှားအောင် လုပ်ကြံဖန်တီးထားသည့် အကြောင်းအရာအမှားဖြစ်ကြောင်း တွေ့ရှိရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်‌ တွေဖြစ်တဲ့ ကေအိုင်စီ သတင်းဌာန နှင့် ဟုတ်တယ် Vs မဟုတ်ဘူး တို့ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork