Home သတင်း စစ်မှုထမ်းစုဆောင်းခံရသူ တပ်ဖွဲ့ဝင် ၁၀ ဦး KNU တပ်မဟာ ၃ ထံ ဘက်ပြောင်းခိုလှုံ

စစ်မှုထမ်းစုဆောင်းခံရသူ တပ်ဖွဲ့ဝင် ၁၀ ဦး KNU တပ်မဟာ ၃ ထံ ဘက်ပြောင်းခိုလှုံ

470
Photo: KNU

ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) ထံသို့ ယခုဖေဖော်ဝါရီလ တတိယပတ်အတွင်း စစ်အုပ်စု၏ မတရားစစ်မှုထမ်းစေခိုင်းခံရသူ တပ်ဖွဲ့ဝင်(၁၀)ဦး ဘက်ပြောင်း ခိုလှုံလာကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်သည်။

လယ်ဒို (ကျောက်ကြီး )မြို့နယ်ရှိ စစ်အုပ်စုအခြေစိုက်တပ်စခန်း ခြေမြန်တပ်ရင်း ခမရ-၄၃၉ တွင် စစ်မှု တာဝန်ထမ်းဆောင်နေသည့် အသက်(၂၀)နှစ်မှ (၄၀)နှစ်အတွင်းရှိ မောင်သက်လွင်စိုး၊ မောင်သက် လွင်ဦး၊ မောင်ချစ်မောင်မောင် နှင့် မောင်ချစ်ဝေဖြိုးဆိုသူ တပ်ဖွဲ့ဝင်(၄)ဦးမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO တပ်ရင်း (၃) ထံသို့ ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်လည်း ခမရ-၅၉၈ တပ်ရင်းမှ တပ်ဖွဲ့ဝင် (၆) ဦးဖြစ်သည့် မောင်မျိုး၀င်းဇော်၊ သန်းဌေးအောင်၊ ကျော်လင်းထက်၊ ရဲကျော်သူ၀င်း၊ တင်မောင်မြင့် နှင့် ဖိုးသား ဆိုသူ တို့သည် ကျောက်ကြီး(လယ်ဒို)မြို့နယ် အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၉)ထံ ထပ်မံ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းအပတ်စဥ် (၁၅)၊ အပတ်စဥ် (၁၃)၊ အပတ်စဥ် (၁၆)တို့မှ သင်တန်းဆင်း တပ်ဖွဲ့ဝင် များဖြစ်သည့် ၎င်းတို့ (၁၀) ဦးသည် ဆန္ဒမပါဘဲ စစ်အုပ်စုတပ်မှ အဓမ္မ စစ်မှုထမ်းခိုင်းစေခံခဲ့ရသည့် တပ်သားများ ဖြစ်သည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNU

ခိုလှုံလာသည့် တပ်ဖွဲ့ဝင် ၁၀ ဦးအား တာဝန်ရှိသူများမှ အဖွဲ့၏စည်းမျဥ်းစည်းကမ်းများအတိုင်း ၎င်းတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ပေးထားသည်ဟုလည်း ကေအဲန်ယူက ဆိုသည်။

စစ်အုပ်စုတပ် ၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံရသည့် တပ်သားများအနေဖြင့် KNUနှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်းဝင်ကြရန် KNUမှ ထပ်မံ တိုက်တွန်း ထားသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တရားဝင်တပ်သားစုဆောင်းခွင့် ဥပဒေပြဌာန်းလာသော စစ်အုပ်စု သည် တိုင်းနှင့်ပြည်နယ်တစ်ဝှမ်း လူငယ်လူရွယ်များကို အပတ်စဥ်(၁)မှစပြီး စစ်မှုထမ်း သင်တန်းပေးနေသည်။ တစ်ပတ်စဥ်လျှင် လူဦးရေ ၅ ထောင်နှုန်းဖြင့် ယခု ဖေဖော်ဝါရီလအတွင်း သင်တန်းအပတ်စဥ်(၁၉) အထိ စုစုပေါင်း တပ်သားသစ် ၁ သိန်းကျော်ကို သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကြောင်း စစ်မှုထမ်းခေါ်ယူရေးအဖွဲ့ မှတ်တမ်းမှ သိရသည်။