ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသား လူမျိုးစုအားလုံးနှင့် တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က တိုက်တွန်းပြောဆိုလိုက်သည်။
ချင်းပြည်နယ် (Chinland) ကောင်စီဥက္ကဋ္ဌနှင့်တကွ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ ချင်းအမျိုးသားခေါင်းဆောင်များနှင့် ချင်းအမျိုးသားထုတစ်ရပ်လုံးသို့ ပေးပို့သည့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာတွင် KNU ဥက္ကဋ္ဌက ယခုလို ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တော်လှန်ရေးအင်အားစုများ စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း နိုင်ငံကို စိုးမိုးခြယ်လှယ်လိုနေသည့် အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မှသာ လူမျိုးစုအားလုံးနှင့် ပြည်သူတစ်ရပ်လုံး၏ ဘဝအေးချမ်းဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းဂုဏ်ပြုသဝဏ်လွှာတွင် KNU က ပြောဆိုထားသည်။
ထို့အပြင် ခေတ်အဆက်ဆက် တိုင်းရင်းသားများ၏ တန်းတူညီမျှခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ဆုံးရှုံးခဲ့ရခြင်းမှာ ပင်လုံကတိကဝတ်များ ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အာဏာရှင်စနစ်ကို အကာအကွယ်ပေးထားခြင်းကြောင့် ယင်းဥပဒေအား အပြီးအပိုင်ဖျက်သိမ်းပြီး လူမျိုးစုတိုင်း၏ တန်းတူညီမျှမှုကို အာမခံနိုင်သည့် အခြေခံဥပဒေသစ်ဖြင့် အစားထိုးရမည်ဖြစ်ကြောင်း KNU က ထောက်ပြသည်။
နွေဦးတော်လှန်ရေး ကာလအတွင်း၌လည်း တိုင်းရင်းသားလူမျိုးစုများနှင့်အတူ မြန်မာနိုင်ငံသားများအားလုံး စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် တိုက်ပွဲဝင်နေကြသည်ကို အသိအမှတ်ပြုကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးအရ စုစည်းမှုရရှိရန်မှာ အဓိကကျကြောင်း KNU ကဆိုသည်။
လက်ရှိတွင် ချင်းအမျိုးသားများနှင့်အတူ မြန်မာပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ဟန်ချက်ညီညီ တိုက်ပွဲဝင်နေကြခြင်းကို အထူးအလေးထားပြီး ချင်းနှင့် ကရင် တော်လှန်ရေးအင်အားစုများအကြား ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆက်လက် လက်တွဲသွားမည် ဖြစ်ကြောင်းလည်း သဝဏ်လွှာ၌ ဖော်ပြခဲ့သည်။
ထို့ကြောင့် ချင်းအမျိုးသားတစ်ရပ်လုံးအနေဖြင့် မိမိတို့၏ အမျိုးသားရေး လက္ခဏာများကို ထိန်းသိမ်းရင်း အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ အားသွန်ခွန်စိုက်ကြရမည်ဟု ကေအဲန်ယူ သဝဏ်လွှာတွင် ဆက်လက် တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ ချင်းပြည်နယ်၏ မြို့နယ်အသီးသီးတွင် နယ်မြေကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး စစ်အုပ်စုကို ရရာလက်နက်ဖြင့် ခုခံတော်လှန်ခဲ့ခြင်းကြောင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်း၊ ထန်တလန်မြို့ အပါအဝင် နေရာတော်တော်များများတွင် လူနေအိမ် မီးရှို့ခံရခြင်းနှင့် ပြည်သူအများအပြား စစ်ဘေးရှောင်အဖြစ် နေရပ်စွန့်ခွာခဲ့ရသည်။ ထို့အပြင် ယနေ့အချိန်ထိလည်း ချင်းပြည်နယ်၏ မြို့နယ်တော်တော်များများတွင် စစ်အုပ်စုနှင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိသည်။



















