ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့၏ ကြက်ဝိုင်းတစ်ခုကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က စစ်အုပ်စုနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သည်။
အဆိုပါ ဝင်ရောက်စီးနင်းခံရမှုတွင် အဖမ်းခံရသည့် လောင်းကစားကြက်တိုက်သူ အများအပြားထဲမှ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင် (၄) ဦးကို သက်ဆိုင်ရာအဖွဲ့ထံ ပြန်လွှဲပေးသော်လည်း ကျန်သည့်လူငယ်များကို ပြန်ရွေးခွင့်မပေးကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် DKBA တပ်ဖွဲ့ဝင် (၄) ဦးသည် ၎င်းတို့တပ်ဖွဲ့၏ ဗဟိုသို့ ပြန်လွှဲပြောင်းရန်အတွက် မြဝတီဆက်ဆံရေးရုံးက သွားရောက်ခေါ်ထုတ်ထားပြီဖြစ်သည်။ ဖမ်းဆီးခံထားရသူ အရပ်သားများထဲမှ လူကြီးပိုင်းများကို ပြန်ရွေးခွင့်ပေးသော်လည်း လူငယ်များကို ရွေးခွင့်မပေးဘဲ စစ်အုပ်စုတပ်က ဆက်လက်ဖမ်းထားဆဲဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။
“အဲဒီကြက်ဝိုင်းမှာ အဖမ်းခံရတာ အများကြီးပဲ။ လူကြီးတွေရော လူငယ်တွေရောပဲ။ အခုက လူကြီးတွေကိုတော့ လာရွေးခိုင်းပြီး လူငယ်ကိုတော့ မပေးရွေးဘူး။ ၂၇၅ မှာ ဖမ်းထားလိုက်တာ ဘာဆက်လုပ်မလဲတော့ မသိဘူး” ဟု မြဝတီမြို့ တံတား (၁) အနီး နေထိုင်သူ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ကြက်ဝိုင်းဝင်ရောက်စီးနင်းမှုအတွင်း မူးယစ်ဆေးဝါး အများအပြားလည်း ဖမ်းဆီးရရှိမိကာ ထိုကြက်ဝိုင်းကို DKBA တပ်ဖွဲ့မှ ဗိုလ်အောင်ကျော်ဆိုသူက ဦးဆောင်ပြီး တစ်လသိန်း ၂၀ နှင့် မြေငှားရမ်းဖွင့်လှစ်ထားသည်ဟု မြို့ခံများက ပြောသည်။
၎င်းကိစ္စအပေါ် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝက “အဲဒီ (၄) ယောက်က အဖွဲ့အစည်းနာမည်ကို အလွှဲသုံးစားလုပ်တဲ့အတွက် တပ်ရဲ့စည်းမျဉ်းစည်းကမ်းနဲ့ အရေးယူမယ်။ သူတို့က အဲဒီအထဲက ဖမ်းဆီးရမိတဲ့ ဆေးမှုနဲ့တော့ မဆိုင်ဘူး။ လောင်းကစားကြက်တိုက် လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သက်ဆိုင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကြက်ဝိုင်း ဝင်ရောက်စီးနင်းမှုကို စစ်အုပ်စု၏ တပ်မ (၂၂) မှ တပ်ဖွဲ့ဝင်များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း မြဝတီမြို့ရှိ စစ်အုပ်စုတပ်မှ လူငယ်များကို ညအချိန်လိုက်လံဖမ်းဆီးပြီး ခလရ ၂၇၅ တပ်ရင်းသို့ ပို့ဆောင်ခံလိုက်ရသူ အများစုသည် တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရကြောင်း သတင်းရရှိသည်။



















