ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ စစ်အုပ်စု၏ GTC တပ်စခန်းကို ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်-DNLA လက်အောက်ခံတပ်ရင်းနှစ်ခုက ပြီးခဲ့သည့်ဖေဖော်ဝါရီ (၁၆) ရက်နေ့တွင် ယာယီသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်နှင့်ခဲယမ်းများလည်းရရှိခဲ့ကြောင်း တိုက်ပွဲပါ ဒူရကစစ်ကြောင်းက ယမန်နေ့တွင်ထုတ်ပြန်သည်။
ဒူရကစစ်ကြောင်းနှင့် ထားဝယ် ပကဖ-DGRF တို့ပူးပေါင်းပြီး မောင်မယ်ရှောင်ရွာ GTC စစ်အုပ်စုတပ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်ကို လေးနာရီကြာ တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း လက်နက်ငယ်(၁၈)လက်၊ ကျည်တောင့်နှင့်လက်ပစ်ဗုံးများပါဝင်သည့် ခဲယမ်းအများအပြားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရရှိခဲ့သည်ဟု ဆိုသည်။
စစ်အုပ်စုတပ်စခန်းနှစ်ခုလုံးကို သိမ်းပိုက်နိုင်ရန်ရည်ရွည်သော်လည်း စစ်အုပ်စုစစ်ကူစစ်ကြောင်း တက်လာ၍ GTC စခန်းကိုသာ ယာယီသိမ်းမိပြီး ဘုရားမဲစစ်ဆေးဂိတ်ကို ရခါနီးမှ လက်လွှတ်ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှတပ်ဖွဲ့ဝင်(၁၉)ဦးသေဆုံးသည်ဟုလည်း ဒူရကစစ်ကြောင်းက ဆိုသည်။
ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မောင်မယ်ရှောင်ရွာသည် အိမ်ခြေ(၃၀၀)ဝန်းကျင်၊ လူဦး ရေ(၁,၀၀၀)ကျော်ရှိသည့် ထားဝယ်မြို့နှင့် ခုနှစ်မိုင်အကွာရှိ ကျေးရွာကြီးတစ်ရွာဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက ရွာအတွင်းနှင့် ကားလမ်းမပေါ် စစ်အုပ်စုစစ်ကြောင်းလှည့်လည်သွားလာလေ့ရှိသလို ရွာခံများကိုဖမ်းဆီးပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် အခြေအနေများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထားဝယ်ဒေသအခြေစိုက်သတင်းများအရ ရွာတွင်တပ်စွဲနေသည့် စစ်အုပ်စုနှင့် ရွာအနီးဘုရားမဲစစ်ဆေးရေးဂိတ်မှ စစ်အုပ်စုတပ်ဖွဲ့များသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိကြောင်း သိရသည်။



















