Home သတင်း ကော်သူးလေတည်ဆောက်ရေးအတွက် ကရင်အဖွဲ့အစည်းများ ပူးပေါင်းမည်

ကော်သူးလေတည်ဆောက်ရေးအတွက် ကရင်အဖွဲ့အစည်းများ ပူးပေါင်းမည်

788

ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သည့် ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ရေးကို လက်ခံ၍ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေး၊ စစ်ရေးနှင့်ပြည်တွင်း၊ ပြည်ပ အရပ်ဖက် ကရင်အဖွဲ့ကိုယ်စားလှယ်များပါဝင်ပြုလုပ်ခဲ့သည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲ၏ ယနေ့(ဖေဖော်ဝါရီ ၁၈)ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူ-ဗဟိုနှင့်ခရိုင်ခေါင်းဆောင်များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့-KNDO မှတာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပ ကရင်အစုအဖွဲ့များ ပါဝင်သည့် ကော်သူး လေတည်ဆောက်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ကေအဲန်ယူအုပ်ချုပ်နယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၉) ရက်မှ (၁၂)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အရ လက်ရှိနိုင်ငံရေး၊ စစ်ရှောင်လူထုအရေး၊ စစ်ရေးလိုအပ်ချက်နှင့် အုပ်ချုပ်မှုပိုမိုကောင်းမွန်ရေး၊ အွန်လိုင်းငွေလိမ်နှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများ တိုက်ဖျက်ရေး၊ နိုင်ငံတကာ၌ ကေအဲန်ယူ ကိုယ်စားလှယ်များထားရှိနိုင်ရေးတို့ကို လေးရက်တာအတွင်း ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

ကော်သူးလေတည်ဆောက်ရေးနှင့်ပတ်သက်ပြီး အားလုံးအတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ် ပြုလုပ်သည့် အဆိုပါပွဲသို့ တက်ရောက်လာသော ကရင်အဖွဲ့အစည်းများက ကော်သူးလေ တည်ဆောက်မှုကိုလက်ခံခဲ့ကြသည်ဟု ဆိုသည်။ ထို့အပြင် မိမိတို့ ကရင့်အမျိုးသားရည်မှန်းချက်များပြည့်မြောက်ရန် ကျရာကဏ္ဍမှပူးပေါင်းဆောင်ရွက်မည်ဟု သဘောထားချမှတ်ခဲ့ကြကြောင်းလည်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

“ကော်သူးလေချာတာရော၊ ဖက်ဒရယ်ယူနစ်ကိုရော မလွဲမသွေရောက်တော့မယ်ဆိုတဲ့ ခွန်အားရ တယ်လို့ဆိုရမယ်။ ဒါတွေကို ပြည်ပမှာရှိတဲ့ကျနော်တို့အဖွဲ့တွေကို ဆက်လက်တင်ပြပေးမယ်။ နောက်ပြီး ကေအဲန်ယူကိုယ်စားလှယ်ခန့်မယ့်ကိစ္စ၊ သူတို့ရဲ့ Criteria တွေကိုပိုပြီးသိလာတယ်။ နိုင်ငံဆိုဒ်အရ ကိုယ်စားလှယ်ခန့်ဖို့ အမိကေအဲန်ယူကို ဝိုင်းပံ့ပိုးမယ်ဆိုတာလည်း ကျနော်တို့ကတိပေးတယ်။” ဟု နှီးနှောဖလှယ်ပွဲရောက် ဩစတြေးလျား ကရင်အဖွဲ့အစည်း-AKO တာဝန်ရှိပုဂ္ဂိုလ် စောလွင်ဦးက ကေအိုင်စီသို့ ပြောသည်။

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများကလည်း သက်ဆိုင်ရာနိုင်ငံမှကရင်အမျိုးသားများအခြေအနေနှင့် လှုပ်ရှားမှုများ၊ စစ်အုပ်စုကလူထုအပေါ်ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများအပေါ် နိုင်ငံတကာ အစိုးရများမှ စစ်အုပ်စုကိုဖိအားပေးရန် နိုင်ငံတာဝန်ရှိသူများနှင့်တွေ့ဆုံတင်ပြခြင်း ကိုလည်း နှီးနှောဖလှယ်ပွဲအတွင်း အသိပေးခဲ့ကြသည်ဟု ဆိုသည်။

အမေရိကန် ကရင်အဖွဲ့အစည်းကိုယ်စားပြု နော်မိုင်းရာ ဒါးဂေဖောက “ဒီလိုပွဲမျိုးက အရမ်းကိုအရေးကြီးတယ်။ နိုင်ငံတကာရောက်ကရင်တွေအနေနဲ့ သူတို့တွေ ဘယ်အခန်းကဏ္ဍမှာ ပူးပေါင်းပါဝင်နိုင်မလဲ သိချင်ကြတယ်။ ကျမ ပြန်ရောက်တဲ့အခါ လူငယ်၊ ကွန်မြူနတီခေါင်းဆောင်တွေကို ပြန်ချပြလို့ရပါတယ်။ ဒီကထွက်လာတဲ့ အဖြေအပေါ်မှာ မူတည်ပြီးတော့ ဘယ်အခန်းကဏ္ဍမှာ ဘယ်အတိုင်းအတာအထိ ပူးပေါင်း လုပ်ဆောင်ကြရမလဲဆိုတာ ကျမတို့ ပြန်ဆွေးနွေးလို့ရတယ်။” ဟု ပြောသည်။

ထို့အပြင် ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စစ်ဘေးရှောင်ပြည်သူလူထုထံ လူသားချင်း စာနာမှုအကူအညီ တိုက်ရိုက်ရရှိစေရန်ကူညီပံ့ပိုးရေး၊ ကော်သူးလေအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့် တင်ရေးကိုလည်း ကရင်လူမှုအရပ်ဖက်အဖွဲ့များက နှီးနှောဖလှယ်ပွဲအတွင်း ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း အရပ်ဖက်အဖွဲ့များထံမှ သိရသည်။

“ကျမတို့အားလုံးက လွတ်လပ်ရေးကို လိုလားကြတယ်။ ပန်းတိုင်ကအတူတူပဲဖြစ်တဲ့အခါ စည်း လုံးညီညွတ်မှုရှိတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုရှိရင် သူ့အမြင်ကိုယ့်အမြင် တစ်ခုထားပြီး အကောင်အ ထည်ဖော်ကြမယ်။ ဒါကြောင့် ဒီလိုနှီးနှောဖလှယ်ပွဲမျိုးက အားလုံး တစ်စုတစည်းတည်းဖြစ်စေပြီး အနာဂတ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ဦးတည်စေတယ်။” ဟု ကရင် သသဘာဝပတ်ဝန်း ကျင်နှင့်လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်-KESAN ကိုယ်စားလှယ် နော်ဆာမူး က ပြောသည်။

ကေအဲန်ယူအနေဖြင့်မူ ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်မှုတွင်အသုံးပြုမည့် ကော်သူးလေချာတာကို ချပြရှင်းလင်းခြင်း၊ စစ်ရေးလိုအပ်ချက်များ ဖလှယ်ခြင်းအပြင် ကရင်အမျိုးသမီးအစည်းအရုံး-KWO နှင့် ကရင်လူငယ်အစည်းအရုံး-KYO တို့ကလည်း ကော်သူးလေတည်ဆောက်ရေးအတွက် ပါဝင်ဆောင်ရွက်မှုများကို တင်ပြခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို သက်ဆိုင်ရာ အုပ်ချုပ်ရေး၊ စစ်ရေး ခေါင်းဆောင်များနှင့် ကရင်အရပ်ဖက်ကိုယ်စားလှယ်များ ပါဝင်သော လူပုဂ္ဂိုလ်(၁၃၀)ဦး တက်ရောက်ခဲ့ကြပြီး လာမည့်နှစ်များတွင်လည်း ပုံမှန်ပြုလုပ်သွားမည်ဟု ကျင်းပရေးကော်မတီက ထုတ်ပြန်ချက်တွင် ဆိုထားသည်။