Home သတင်း မဲဆောက်တွင် ကားမောင်းပြေးရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွားပြီး (၅)ဦးထက်မနည်း ဒဏ်ရာရ

မဲဆောက်တွင် ကားမောင်းပြေးရာမှ ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွားပြီး (၅)ဦးထက်မနည်း ဒဏ်ရာရ

340
Photo: CJ

ဇန်နဝါရီ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်တွင် ယနေ့ ဇန်နဝါရီလ (၁၉)ရက်၊ မွန်းလွဲ(၂)နာရီဝန်းကျင်က စစ်ဆေးရေးဂိတ်မှဖြတ်ကျော်မောင်းပြေးသည့် မော်တော်ယာဥ်တစ်စီးမှ ထပ်ဆင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း မဲဆောက်မြို့တွင်းသတင်းအရင်းအမြစ်မှ သိရသည်။

လူမှောင်ခိုတင်ဆောင်လာသည်ဟုယူဆရသော အဆိုပါမော်တော်ယာဥ်အား မယ်တောင်အပိုင်း၊ မြို့ပြင်ပတ်လမ်းတွင်ဂိတ်ချစစ်ဆေးနေသည့် ထိုင်းရဲတပ်ဖွဲ့ကတားဆီးစစ်ဆေးရာ အစစ်မခံဘဲ လူနေရပ်ကွက်လမ်းသွယ်အတွင်းမှ ရှောင်တိမ်းမောင်းပြေးသွားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှလိုက်လံပစ်ခတ်ဖမ်းဆီးရာ အဆိုပါယာဥ်မှာ လမ်းမတန်းနေရာ တစ်ဖက်လမ်းကျောမှ မောင်းနှင်လာသည့်ယာဥ်တစ်စီးနှင့်ဆိုင်ကယ်တစ်စီးအား ထပ်ဆင့်တိုက်မိပြီးနောက် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ်ပါအမျိုးသမီး(၂)ဦးနှင့် မောင်းပြေးသည့်ယာဥ်ပေါ်ပါရှိသူများ စုစုပေါင်း(၅)ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိသွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

“ကားက လမ်းကြားထဲကနေလမ်းမဘက်ကို ဖြတ်မောင်း‌‌‌‌‌‌‌‌‌‌‌‌‌‌ထွက်လာတာ။ နောက်က ရဲတွေလိုက်လာပြီးပစ်တော့ လမ်းမတန်းပေါ်ကကားနဲ့ဆိုင်ကယ်ကိုတိုက်မိပြီး မှောက်သွားတယ်၊ ဆိုင်ကယ်စီးလာတဲ့မိန်းကလေးတွေက ဆိုင်ကယ်လည်းပိ၊ ကားအောက်မှာလည်းညှပ်နေတာ။ မောင်းပြေးလာတဲ့ကားကိုမောင်းတာတော့ တရုတ်လို့ထင်ရတာပဲ။ နောက်ခန်းမှာလည်းလူပါတယ်၊ အကုန်ခေါင်းကွဲကုန်တယ်” ဟု မဲဆောက်မြို့နေထိုင်သူက ပြောသည်။

Photo: CJ

ယာဥ်တိုက်မှုဖြစ်ပွားအပြီး ထိခိုက်ဒဏ်ရာရရှိထားများကို အရေးပေါ်လူနာတင်ယာဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်းလည်း ဖော်ပြပါမျက်မြင်တွေ့ရှိသူက ဖြည့်စွက်ပြောဆိုသည်။

ယာဥ်မောင်းပြေးသည့်ဖြစ်စဥ်ကြောင့် ထပ်ဆင့်ယာဥ်တိုက်မှုဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မဲဆောက်အာဏာပိုင်အဖွဲ့ များမှ အမှုအခင်းစုံစမ်းစစ်ဆေးရေးလုပ်ဆောင်နေသည်ဟု သိရသည်။ လူမှောင်ခိုများသယ်ဆောင်မောင်းနှင်လာသည်ဟု ယူဆရသောမော်တော်ယာဥ်ကိစ္စကိုမူ အာဏာပိုင်များဘက်က တရားဝင်ထုတ်ဖော်ပြောဆိုမှုမရှိသေးပေ။

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင်းသတင်းအရင်းအမြစ်များအရ ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့ တွင်းမြို့ပြင်နေရာများတွင် နိုင်ငံအတွင်းတရားမဝင်နေထိုင်သူများ၊ တရားမဝင်လုပ်ငန်းလုပ်ကိုင်နေမှုများကို ထိုင်းရဲတပ်ဖွဲ့နှင့်အာဏာပိုင်များက စစ်ဆေးရေးလုပ်ဆောင်နေသည့်အပြင် ယာဥ်အသွားအလာများသည့်လမ်းမကြီးများပေါ်တွင်လည်း နေ့စဥ်ဂိတ်ချစစ်ဆေးလျက်ရှိသည်။