Home သတင်း ဖမ်းဆီးခံ ကရင်အမျိုးသမီးပြန်လည်လွတ်မြောက်ရေး မင်နီဆိုးတားရောက် ကရင်အသိုင်းအဝိုင်း လိုက်လံကူညီနေ

ဖမ်းဆီးခံ ကရင်အမျိုးသမီးပြန်လည်လွတ်မြောက်ရေး မင်နီဆိုးတားရောက် ကရင်အသိုင်းအဝိုင်း လိုက်လံကူညီနေ

658
Photo: Social Media

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့မှာ ဇန်နဝါရီလ(၁၀)ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ကရင်အမျိုးသမီးပြန်လည်လွတ်မြောက်ရေးအတွက် သူမ၏ ခရစ်ယာန်အသင်းတော်နှင့် ကရင်လူမှုအသိုင်းအဝိုင်းမှ ရုံးပိုင်းဆိုင်ရာများနှင့်ဆက်သွယ်ကာ လိုက်လံကူညီပေးနေကြောင်း နီးစပ်သူများကပြောသည်။

လျှောက်ထားဆဲ အမေရိကန်တွင် အမြဲတမ်းတရားဝင်နေထိုင်ခွင့်(Green Card) မှလွဲ၍ စာရွက်စာတမ်းအပြည့်အစုံပြနိုင်သော်လည်း အဆိုပါအမျိုးသမီးကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့-ICE က သူမနေထိုင်ရာတိုက်ခန်းအတွင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးပြန်လည်လွတ်မြောက်ရေးအတွက် သူမ၏ခရစ်ယာန်အသင်းတော်မှမိတ်ဆွေများ၊ မင်နီဆိုးတားရောက် ကရင်လူမှုအသိုင်းအဝိုင်းနှင့် ဥပဒေနားလည်တက်ကျွမ်းသူများက သက်ဆိုင်ရာ ရုံးပိုင်းဆိုင်ရာနှင့်ဆက်သွယ်လုပ်ဆောင်နေသည်ဟု လိုက်ပါအကူအညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုလောလောဆယ် မနက်ဖြန်သူလွတ်လာဖို့ ရှေ့နေထောက်ခံစာ လုပ်နေတယ်။ ကျမကတော့ အာဏာရှိတဲ့သူမဟုတ်တဲ့အတွက် သူ့ကို သွားထုတ်လို့မရဘူး။ ထောက်ခံစာရတာနဲ့ လူလွှတ်ပြီး ထုတ်ခိုင်းရမယ်၊ အဲဒီတွက်လူရှာရမယ်၊ မနက်ဖြန်က သူ့အမျိုးသားကိုအရင်သွားခေါ်ပြီးရင် သူ့ကို အမေရိကန်နိုင်ငံထဲဝင်ဖို့ လက်ခံထားတဲ့ရုံးကိုသွားရမယ်။ ဖမ်းထားကြောင်းသွားပြောရမယ်။” ဟု ကူညီပေးသည့်အမျိုးသမီးက ဇန်နဝါရီ (၁၁) ရက်နေ့က ပြောသည်။

နယ်စပ်ဒုက္ခသည်စခန်းမှ အမေရိကန်ရောက်တာ တစ်နှစ်ဝန်းကျင်သာရှိသေးသည့် အဆိုပါ အမျိုးသမီး၏မိသားစုဝင်များအား နီးစပ်သူများက ဝိုင်းဝန်းစောင့်ရှောက်ထားကြောင်းလည်း မင်နီဆိုးတား ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မင်နီဆိုးတားရောက် ရွှေ့ပြောင်းနေထိုင်သူများသို့ ICE အဖွဲ့ဝင်အာဏာပိုင်များက လာရောက်စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်ပြီး တဖြည်းဖြည်းအရှိန်မြှင့်လာခြင်းကြောင့် ကရင်အပါအဝင် မြန်မာနိုင်ငံမှရွှေ့ပြောင်းနေထိုင်သူများ စိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်သည်။

ယခုလပိုင်း ICE ၏ဖမ်းဆီးမှုတွင် ကရင်အပါအဝင် မြန်မာနိုင်ငံကအခြားတိုင်းရင်းသားများလည်း ပါဝင်နေပြီး လာရောက်အကူအညီတောင်းကြသူများလည်း ရှိသည်ဟု မင်နီဆိုးတားရောက်ကရင်တချို့က ဆိုသည်။

ထို့အပြင် မြန်မာစစ်အုပ်စုအာဏာသိမ်းပြီးမှ ခိုလှုံအနေဖြင့် မင်နီဆိုးတာပြည်နယ်သို့ ရောက်လာသူများ၊ လတ် တလော Green Card လျှောက်ထားဆဲသူများ၊ ICE ဘက်က စိစစ်စစ်ဆေးရေးတင်းကြပ်နေခြင်းကြောင့် နေထိုင်သွားလာမှု ဂရုပြုကြရန်လည်း နှစ်ရှည်ရွှေ့ပြောင်းနေထိုင်သူ ကရင်သတင်းအရင်းအမြစ်များက သတိပေးသည်။