ဇန်နဝါရီ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၃) ရပ်ကွက်၊ မိကျောင်းကုန်းဘုရားဝင်း အနောက်ဘက်၊ ဝေဘာဂီ လမ်းရှိ နေအိမ်တစ်လုံးအတွင်း အမျိုးသမီးတစ်ဦးအား ခြေ၊ လက်များကို ကြိုးဖြင့်တုပ်ချည်ကာ ရိုက်နှက် သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူ လူငယ် ၂ ဦးကို ဇန်နဝါရီ ၇ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ရိုက်နှက်သတ်ဖြတ်ခံရသူမှာ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်မေဆန်းဖြစ်ပြီး ၎င်း၏ သေဆုံး နေမှုအား အနီးအနားနေထိုင်သူ ဆွေမျိုးများက သိရှိခဲ့ခြင်းဖြစ်ရာ ဇန်နဝါရီ ၅ ရက်တွင် ရဲတပ်ဖွဲ့က သေမှု၊ သေခင်း စစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထို့နောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကာ သတ်ဖြတ်မှုနှင့် ဆက်နွယ်သူ ၂ ဦးအား ဇန်နဝါရီ ၇ ရက်တွင် မြဝတီမြို့ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားရုံးသို့ အချုပ်ရီမန် တင်ခဲ့ကြောင်း အမှုဖြစ်စဉ်ကို သိရှိသူ မြဝတီမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သတ်ခံရတဲ့ အမျိုးသမီးက မြဝတီဘုရင့်နောင်ဈေးမှာ ကုန်ခြောက်ဆိုင်ဖွင့်ပြီး မနက်ဈေးသွားရောင်း၊ ညနေ နေအိမ်ပြန်နေတာပါ။ တစ်ဦးတည်း နေထိုင်သူဖြစ်ပါတယ်။ ကြိုးတုပ်ပြီး ရိုက်နှက်သတ်ဖြတ် တယ်လို့ သိရပါတယ်။ မနေ့က ရဲအချုပ်ကနေ တရားရုံးကို ရီမန်ယူတာကို တွေ့ရပေမယ့် ဖြစ်စဉ် အသေးစိတ်နဲ့ ဝန်ခံချက်တွေကိုတော့ မသိရသေးပါဘူး” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မြဝတီမြို့ခံ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ဆွဲကြိုး၊ နားကပ်များကို ယူဆောင်သွားခြင်း မရှိသည့်အပြင် နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ဖောက်ထွင်းမွှေယူသွားခြင်း မရှိခဲ့သဖြင့် ခိုးယူမှုကြောင့် မဟုတ်ဘဲ ရန်ငြိုးရန်စ သို့မဟုတ် လူမှုရေးပြဿနာကြောင့် နှိပ်စက် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ရပ်ကွက်နေထိုင်သူများက ခန့်မှန်းပြောဆိုနေကြသည်။
“သူသေဆုံးတာက ဇန်နဝါရီ ၃ ရက်လောက် ဖြစ်မယ်လို့ ထင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အမျိုးတွေက အိမ်သော့ကို ဖွင့်ကြည့်တော့ ဈေးသွားရောင်းဖို့ ပြင်ဆင်ထားတဲ့ ထမင်းချိုင့်၊ ဈေးဆွဲခြင်းတွေကို တွေ့ရပါတယ်။ ခေါင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေရှိတယ်။ ပါးစပ်ကို အဝတ်စည်းထားသလို မျက်နှာနဲ့ လက်၊ ခြေတွေကိုလည်း ကြိုးတုပ်ထားပါတယ်။ နားကပ်၊ ဆွဲကြိုးတွေကို မယူသွားသလို အိမ်ထဲကိုလည်း မွှေထားခြင်း မရှိပါဘူး” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ မြဝတီမြို့ခံတစ်ဦးက ပြောသည်။
မြဝတီမြို့တွင် လူသတ်မှု၊ ဓားပြမှု၊ ခိုးမှုများအပြင် ဆိုင်ကယ်၊ ကား လုယူသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သံသယရှိသူ ၂ ဦးအား ဖမ်းဆီးရမိမှု အသေးစိတ် အချက်အလက်များကို မြဝတီမြို့ရဲတပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။



















