Home သတင်း “ကော်သူးလေ” ထူထောင်ရေးနှင့် ခေါင်းဆောင်မှု မြှင့်တင်ရေး အလွှာစုံကရင်လူငယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့

“ကော်သူးလေ” ထူထောင်ရေးနှင့် ခေါင်းဆောင်မှု မြှင့်တင်ရေး အလွှာစုံကရင်လူငယ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့

567
Photo - KILC

နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဒေသအသီးသီးမှ အလွှာစုံကရင်မျိုးဆက်ခေါင်းဆောင် လူငယ်များပါဝင်သည့် ဒုတိယအကြိမ်မြောက် (Karen Intergenerational Leadership Conference-KILC) တွေ့ဆုံမှုတွင် “ကော်သူးလေ” ထူထောင်ရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ထိုတွေ့ဆုံမှု၏ နိုဝင်လာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ကော်သူးလေနယ်မြေ တစ်နေရာ၌ နိုဝင်ဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာ ကရင်ခေါင်းဆောင်များနှင့် တက်ရောက်လာသည့် ကရင်လူငယ်များအကြား တွေ့ ဆုံ၍ အနာဂတ်ကော်သူးလေ ထူထောင်ရေးတွင် အတွေးအခေါ် ကြံဆမှုအသစ်ဖြင့် ဦးဆောင်တည်ဆောက် သွားနိုင်စေရေးကို အလေးပေးဆွေးနွေးခဲ့ကြသည်ဟု KILC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် လတ်တလော ရင်ဆိုင်နေရသည့် ကရင်နိုင်ငံရေး အခြေအနေများ နှင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲစိန်ခေါ်မှုများ တင်ပြဆွေးနွေးပြီး တက်ရောက်လာသည့် ကရင် မျိုးဆက်ခေါင်း‌‌ဆောင် လူငယ်များက ဝိုင်းဝန်း အကြံပြုခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ ကရင့်တော်လှန်ရေးအပေါ် ကူညီရန် နှင့် ကော်သူးလေ ထူထောင်ရေးအတွက် မိမိတတ်ကျွမ်းသည့် ပညာ ရပ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လိုစိတ် ရှိသည့် လူငယ်များအား ပူးပေါင်း ပါဝင်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖိတ်ခေါ်ထားသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် အဆိုပါ ညီလာခံသို့ KNU ထိပ်ပိုင်းခေါင်းဆောင်များ၊ ကရင် အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ဒေသအသီးသီးမှ အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ စုစုပေါင်းလူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့သည့် ကရင်လူငယ်တစ်ဦးက “ လူငယ်အနေနဲ့ ဘာတွေ လုပ်ပေးနိုင်မှာလဲ ဆိုတဲ့ အရာတွေလည်း ရှိလာခဲ့တယ်။ ပြီးတော့ သူတို့ သွားနေတဲ့ (Bottom up Federalism) မှာ လူသားအရင်းအမြစ် လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်။ အထူးသဖြင့် သက်ဆိုင်ရာ နယ်ပယ်တွေမှာ ပညာရှင်တွေ လူငယ်တွေက လိုအပ်နေတာ တွေ့ရတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားရေးအတွက် လက်ရှိ ဦးဆောင်နေသူ ခေါင်းဆောင်များနှင့် မျိုးဆက်သစ် ခေါင်းဆောင် များ အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြုလုပ်သည့် အလွှာစုံ ကရင်မျိုး ဆက်ခေါင်းဆောင်လူငယ်များ၏ ပထမအကြိမ်တွေ့ဆုံပွဲကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။