Home သတင်း အထူးအဖွဲ့ဖွဲ့စည်းပြီး နယ်စပ်အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းနှိမ်နင်းမည်ဟု ကေအဲန်ယူ ကြေညာ

အထူးအဖွဲ့ဖွဲ့စည်းပြီး နယ်စပ်အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နိုင်ငံတကာနှင့် ပူးပေါင်းနှိမ်နင်းမည်ဟု ကေအဲန်ယူ ကြေညာ

651
default

နိုဝင်ဘာ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များပါဝင်သော အထူးအဖွဲ့ကိုဖွဲ့စည်းပြီး ထိုင်း-မြန်မာ မြဝတီနယ်စပ်ဒေသက ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ နှိမ်နင်းရေးတွင် နိုင်ငံတကာနှင့် အတူ ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ယမန်နေ့(နိုဝင်ဘာ ၂၀)ရက်နေ့တွင် ကေအဲန်ယူ ထုတ်ပြန်ကြေညာလိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၁၂)ရက်နေ့က ကျားဖြန့်လုပ်ငန်းများနှိမ်နင်းရန် အမေရိကန်က အွန်လိုင်းငွေလိမ်စင်တာများ နှိမ်နင်းရေးတပ်ဖွဲ့( Scam Center Strike Force-SCSF) ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် နှစ်ရက်အကြာတွင် တရုတ်ဦးဆောင်မှုဖြင့် (၆)နိုင်ငံပါဝင်သော မဲခေါင်-လန်ချန်း အစည်း အဝေးကို ကျင်းပပြီး ကျားဖြန့်နှိမ်နင်းရေးပူးပေါင်းတပ်ဖွဲ့( Joint Task Force) ဖွဲ့စည်းရေး ထိုင်းကိုယ်စားလှယ်ဘက်က အဆိုပြုခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။

ကေအဲန်ယူအနေဖြင့်လည်း နယ်စပ်ဒေသမှဒေသတွင်းပျံ့နှံ့နေသည့် နိုင်ငံဖြတ် ကျော်ရာဇဝတ်လုပ်ငန်းများကို နှိမ်နင်းရန် နိုင်ငံတကာအဖွဲ့အစည်းများ၏ကြိုးပမ်းမှုကို ကြိုဆိုပြီး တစိတ်တပိုင်းပါဝင်ကူညီသွားမည်ဟု ဆိုသည်။

ထိရောက်သည့်ပံ့ပိုးကူညီမှုမျိုးဖြစ်ရန် ကေအဲန်ယူမှ အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်သော အထူးအဖွဲ့ ဖွဲ့စည်းပြီး သက်ဆိုင်ရာနယ်မြေတာဝန်ခံများနှင့် ချိတ်ဆက်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြထားသည်။

ကေအဲန်ယူအနေဖြင့် ကျားဖြန့်နှိမ်နင်းရေးအထူးအဖွဲ့ဖွဲ့၍ မည်သည့်ကဏ္ဍမှ မည်သို့ ပါဝင်ကူညီမည်ဖြစ်ကြောင်းကို သိရှိနိင်ရန် သက်ဆိုင်ရာပြောခွင့်ရသို့ ကေအိုင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားမှု မရှိသေးပါ။

ထုတ်ပြန်ချက်တွင်မူ ကျားဖြန့်နှိမ်နင်းရေးအပြင် အခြားရာဇဝတ်မှုများကို ကိုင်တွယ်ရန်မှာ နိုင်ငံ တကာနှင့် ဒေသတွင်းမိတ်ဖက်အဖွဲ့များ၏ နည်းပညာနှင့်ကူညီပံ့ပိုးမှု လိုအပ်နေပြီး ကျားဖြန့် လုပ်ငန်းအတွင်း လူကုန်ကူးခံရသူများ၊ ပိတ်မိနေသူများကို ကယ်ဆယ်၍နေရပ်ပြန်ပို့ရေးအတွက်လည်း ညှိနှိုင်းမှုများ လိုအပ်သည်ဟု ကေအဲန်ယူက ဆိုသည်။

တဖက်တွင်လည်း ပြီးခဲ့သည့် အောက်တိုဘာ တတိယအပတ်ကစ၍ မြဝတီမြို့နယ်၊ မယ်ထော် သလေးရွာအနီး အဆောက်အဦးအလွတ်သာကျန်ရှိသည့် ရာဇဝတ်ဂိုဏ်းများအခြေစိုက်ရာ KK Park ခြံဝင်းကို စစ်အုပ်စုက ဟန်ပြဖျက်ဆီးလျက်ရှိသည်။ ယင်းမှလွှတ်ပေးလိုက်သော ကျားဖြန့် လုပ်ကိုင်သူ အများအပြား ကေအဲန်ယူထိန်းချုပ်နယ်မြေများမှတဆင့် ဖြတ်သန်းသွားလာခြင်း၊ ဝင်ရောက်နေ ထိုင်ခြင်းတို့ရှိနေသည်ဟု ထိုစဥ်က ဒေသသတင်းအရင်းအမြစ်တို့မှ ပြောဆိုကြသည်။

ကေအဲန်ယူ၏ ယမန်နေ့ထုတ်ပြန်ချက်တွင်လည်း စစ်အုပ်စုနှင့်ကရင်နယ်ခြားစောင့်တပ်-BGF တို့ ပူးပေါင်းလုပ်ဆောင်မှုကြောင့် ကေအဲန်ယူနယ်မြေ ဖားအံခရိုင်နှင့် ဒူးပလာယာ (ကော့ကရိတ်)ခရိုင်အတွင်း ကျားဖြန့်ဝန်ထမ်းအများအပြား ရောက်ရှိလာကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် နယ်စပ်ဒေသမတည်ငြိမ်မှုပြဿနာ ပိုမိုဆိုးရွားစေသလို ကျားဖြန့် ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များကိုလုံခြုံရေးကိုလည်း စစ်အုပ်စုကကူညီပေးနေသည်ဟု ကေအဲန်ယူကဆိုသည်။

နိုင်ငံတကာအနေဖြင့် ကျားဖြန့်နှိမ်နင်းရေးအတွက် စစ်အုပ်စုနှင့်ပူးပေါင်းမည်ဆိုပါက မအောင်မြင် မည့် အပြင် စစ်အုပ်စု၏ နိုင်ငံတကာသံတမန်ချဲ့ထွင်ရေးနှင့် တရားဝင်မှုပေး အခွင့်ကောင်းပေးရာလည်း ရောက်နိုင်ကြောင်း ထောက်ပြသည်။

ထို့ကြောင့် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသည့် အုပ်ချုပ်ရေးအဖွဲ့များ၊ အရပ် ဖက်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန်လည်း ကေအဲန်ယူက တောင်းဆိုထားသည်။

အမေရိကန်၏ SCSF ကိုဖွဲ့စည်းခဲ့သည့်တစ်ရက်တည်းတွင် ကျားဖြန့်လူမှောင်ခိုကိစ္စများတွင် ပါဝင် နေသဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA အဖွဲ့မှ စိုင်းကျော်လှ၊ စောစတီး၊ စောစိန်ဝင်းနှင့် စောဆန်းအောင်တို့ ၄ ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ယင်းမတိုင်ခင်ကလည်း အမေရိကန်ဘဏ္ဍာရေးဌာနကပင် အလားတူအကြောင်းအရင်းဖြင့် BGF ခေါင်း ဆောင် စောချစ်သူနှင့်ခေါင်းဆောင်အချို့အပြင် ၎င်းတို့ပိုင်ဆိုင်သည့်လုပ်ငန်းများကိုလည်း ပိတ်ဆို့မှု ပြုလုပ်ခဲ့သေးသည်။

အမေရိကန် SCSF ၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိနေပြီး ကျားဖြန့်နှိမ်နင်းရေးစတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မီဒီယာများမှတဆင့် သတင်း ထွက်ပြီးနောက် ရွှေကုက္ကိုလ်ဒေသရှိ ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူများမှာ ပြောင်းရွှေ့မှုများလာသည်ဟု နယ်စပ်သတင်းအရင်းအမြစ်များက ဆိုသည်။