စက်တင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထိရောက်သည့် ဆေးကုသခွင့် မပေးခြင်း သည် နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိအသက်အန္တရာယ် ခြိမ်းခြောက်နေခြင်းဖြစ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမည် ဖြစ်ကြောင်း အမျိုးသား ညီညွတ် ရေးအစိုးရ (NUG) က ယမန်နေ့ ( စက်တင်ဘာ ၈ ရက်) နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။
စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်သည် စိုးရိမ်ဖွယ်ရာ နှလုံး ရောဂါအခြေအနေကို ခံစားနေရပြီးလိုအပ်သည့် ဆေးကုသမှု မရရှိနိုင်သည့်အခြေအနေတွင် ရှိနေ သည်ဟု သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေး ပြောကြားမှုအပေါ် NUG အနေဖြင့် အလေးအနက် စိုးရိမ်ပူပန်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် NUG သည် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် အပြည်ပြည် ဆိုင်ရာအသိုင်းအဝိုင်းများအား တောင်းဆိုချက်ပြုလုပ်ကာ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအား ကျန်းမာရေးကောင်းမွန်စွာဖြင့် အမြန်ဆုံးလွတ်မြောက် လာနိုင်ရေးအတွက် စစ်အုပ်စုအပေါ် ထိရောက်သော ဖိအားပေးမှုများ လျင်မြန်စွာ ဆောင်ရွက်ပေးရန် NUG က တိုက်တွန်းလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်းလည်း စက်တင်ဘာ ၅ ရက်နေ့တွင် အဆိုပါ ကျန်းမာရေးဆိုးရွားလာမှုအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဆေးကုသမှုအတွက် တောင်းဆိုထားကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့မှလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအာဏာသိမ်းမှုအပြီးတွင် စစ်အုပ်စု ထံ ဖမ်းဆီးခံရပြီး တရားစွဲချက်အမျိုးမျိုးဖြင့် ၂၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံထားရသည်။



















