Home သတင်း BGF/KNA ခေါင်းဆောင်များနှင့် ၎င်းတို့ပိုင်လုပ်ငန်းအချို့အား ဆိုက်ဘာရာဇဝတ်မှုဖြင့် အမေရိကန် ဒဏ်ခတ်

BGF/KNA ခေါင်းဆောင်များနှင့် ၎င်းတို့ပိုင်လုပ်ငန်းအချို့အား ဆိုက်ဘာရာဇဝတ်မှုဖြင့် အမေရိကန် ဒဏ်ခတ်

811

စက်တင်ဘာ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နယ်ခြားစောင့်တပ်-BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး‌ စောချစ်သူ၊ စောမင်းမင်းဦး၊ ဗိုလ်မှူး စောတင် ဝင်းနှင့် ၎င်းတို့ပိုင် လုပ်ငန်းအချို့အား အမေရိကန် ဘဏ္ဍာရေးဌာန နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး-OFAC က ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ယမန်နေ့ (စက်တင်ဘာလ ၈) ရက်နေ့က ကြေညာသည်။

မြန်မာစစ်တပ်နှင့်ပူးပေါင်းကာ နိုင်ငံဖြတ်ကျော်တရားမဝင်ရာဇဝတ်မှုများမှ အကျိုးအမြတ်ရရှိနေသည့် BGF/KNA မှ စောချစ်သူ၊ စောမင်းမင်းဦးနှင့် စောတင်ဝင်းတို့အပြင် ၎င်းတို့လုပ်ငန်းများဖြစ်သည့် ချစ်လင်းမြိုင်ကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ၊ ချစ်လင်းမြိုင် သတ္တုနှင့်စက်မှုကုမ္ပဏီ၊ ရွှေမြစ်သောင်ရင်းကုမ္ပဏီတို့ကိုပါ အရေးယူပိတ်ဆို့လိုက်ခြင်းဖြစ်သည်ဟု OFAC က ထုတ်ပြန်သည်။

အရှေ့တောင်အာရှတွင်အခြေစိုက်ပြီး လုပ်ဆောင်နေသည့် ဆိုက်ဘာ(အွန်လိုင်း)ရာဇဝတ်လုပ်ငန်းများကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က အနည်းဆုံးဒေါ်လာ သန်းပေါင်း ၁၀ အထိ အမေရိကန်က ဆုံးရှုံးခဲ့ရပြီး ယင်းတို့အနက် BGF/KNA ထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ်၊ ရွှေကုက္ကိုလ်မြို့ရှိ ရာဇဝတ်လုပ်ငန်းများလည်း ပါဝင်နေသည်ဟု OFAC က ဆိုသည်။

ထို့အတူ ရွှေကုက္ကိုလ်ကို စတင် ပူးပေါင်းတည်ထောင်ခဲ့သည့် ရထိုက်အင်တာနေရှင်နယ်ကုမ္ပဏီနှင့် ပိုင်ရှင် ရှီကျီ ကျန်းအပြင် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများလုပ်နေသည့် လူပုဂ္ဂိုလ်နှင့်ကုမ္ပဏီများကိုလည်း အမေရိကန်က အရေးယူထားသည်။

အဆိုပါလုပ်ဆောင်ချက်သည် အမေရိကန်နိုင်ငံအတွင်း (သို့မဟုတ်) လက်ဝယ် (သို့မဟုတ်) ထိန်းချုပ်မှု အောက်တွင်ရှိနေသည့် ဒဏ်ခတ်ပိတ်ဆို့ခံရသော လူပုဂ္ဂိုလ်၊ လုပ်ငန်းအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှု အကျိုးအမြတ်အားလုံးကို ပိတ်ဆို့ထားလိုက်ခြင်းလည်းဖြစ်ကြောင်း OFAC က ဖော်ပြသည်။

OFAC အနေဖြင့် ပြီးခဲ့သည့် မေလ(၅)ရက်နေ့ကလည်း စောချစ်သူနှင့်သားနှစ်ဦးအား ဆိုက်ဘာရာဇဝတ်မှု၊ လူမှောင်ခိုကူးမှုတို့ဖြင့် အရေးယူပိတ်ဆို့မှုပြုလုပ်လိုက်ကြောင်း ကြေညာခဲ့သေးသည်။ BGF/KNA ခေါင်းဆောင်အချို့နှင့်ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ၂၀၂၄ ခုနှစ်ကလည်း နယ်စပ် ရာဇဝတ်မှုများအတွက် ဥရောပသမဂ္ဂ(EU)က ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ခဲ့သေးသည်။