Home သတင်း ကျိုက်ထိုမြို့နယ်တွင် သိန်းထောင်နှင့်ချီ ငွေကြေးလိမ်လည်မှုဖြစ်ပွား၊ အရေးယူရန် KNU ထံ တိုင်ကြားထား

ကျိုက်ထိုမြို့နယ်တွင် သိန်းထောင်နှင့်ချီ ငွေကြေးလိမ်လည်မှုဖြစ်ပွား၊ အရေးယူရန် KNU ထံ တိုင်ကြားထား

978
Photo: CJ

စက်တင်ဘာ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

KNU- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁) / သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများတွင် တော်လှန်ရေးအကြောင်းပြ၍ စုစုပေါင်း ငွေကျပ်သိန်း ၂,၀၀၀ ဝန်းကျင် ငွေကြေးလိမ်လည်မှု ဖြစ်ပွားခဲ့ရာ အရေးယူပေးနိုင်ရန် မြို့နယ်ကေအဲန်ယူဘက်သို့ ရွာခံများမှ အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် မဲပလီ (မယ်ပရေခီး) စခန်းသိမ်းတိုက်ပွဲနှင့် ဆက်စပ်ပြီး တိုက်ပွဲဝင်ရဲဘော်များအတွက် ဆေးကုသစရိတ်ခေါင်းစဉ်ဖြင့် အလူး၊ ပိုင်ဒဝယ် စသည့် ကျေးရွာများမှ ဝေယံဝင်းခိုင် ဆိုသူက ငွေလိုက်လံချေးယူခဲ့ခြင်း ဖြစ်သည်။

“ရွာသားတွေကို သူက ပြောရဲပြောကြည့်၊ ရွာမီးရှို့မယ် သတ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ အခုမှ သိရတာ။ အဖွဲ့အစည်းက ဒုက္ခရောက်တယ်၊ အကူအညီလိုတယ်ဆိုတော့ တချို့က ခြံတောင်ပေါင်ပေးလိုက်တယ်။ ကျမအ မျိုးထဲမှာဆို တစ်ယောက်က သိန်း ၁၀၀၊ တစ်ယောက်က ၁၇၅ သိန်း ပါသွားတယ်။ အခုတော့ အဲ့ကိစ္စ မြို့နယ် ဘက်ကို တိုင်ထားပြီ”ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်ဇာတိ ငွေကြေးလိမ်လည်မှု ကျူးလွန်သူ ဝေယံဝင်းခိုင်သည် အိမ် ထောင်ကျပြီးနောက် အလူးကျေးရွာအနီးတွင် အခြေချနေထိုင်လာသူ ဖြစ်သည်။ အာဏာသိမ်းပြီးနောက် တော်လှန်ရေးအဖွဲ့တစ်ခုတွင် ပါဝင်လုပ်ကိုင်နေစဉ် ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပြီး ထို့ကြောင့် ကေအဲန်ယူအနေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တပ်မဟာ (၁)၊ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ပြောသည်။

၎င်းက “ကေအဲန်ယူထဲက လူမဟုတ်တော့ သူအဲ့လို ပိုက်ဆံလိုက်ကောက်တာလည်း တာဝန်ရှိတဲ့သူတွေက မသိဘူး။ ဖြစ်ဖြစ်ခြင်း ရွာသားတွေက တာဝန်ရှိသူတွေကို လာပြောပြသင့်တယ်။ ကြိုသိခဲ့ရင် အရေးယူပေးလို့ ရတယ်လေ။ ဒီကိစ္စက သင်ခန်းစာတစ်ခုရလိုက်သလိုပဲ။ ပြန်ရှာတွေ့ရင်တော့ ကျနော်တို့ အရေးယူမှာပါ” ဟု တပ်မဟာမှူးက ပြောသည်။

ငွေကြေးလိမ်လည်မှု ဖြစ်ပွားပြီးနောက် ဝေယံဝင်းခိုင်မှာ စစ်ကောင်စီနှင့် ပြန်လည်ပူးပေါင်းသွားကြောင်း သတင်းထွက်ပေါ်လျက်ရှိပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ (၁) သထုံခရိုင်တွင် လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDO အပါအဝင် မွန်လက်နက်ကိုင်တပ်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အခြားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များ နယ်မြေ စစ်ရေးလှုပ်ရှားလျက်ရှိသည်။

NUG ဘက်ကလည်း ၎င်းတို့ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ တို့ကို ကိုယ်စားပြုသော ပသုံးလုံးမှ ပြည်သူများအပေါ် ကျင့်ဝတ်စည်းကမ်း ဖောက်ပြားမှုအချို့ရှိသည်ကို သိရှိ အရေးယူရန် ၂၀၂၃ ခုနှစ်ကတည်းက တိုင်ကြားရေးကော်မတီများနှင့် ယန္တရားဖွဲ့စည်း အရေးယူ လုပ်ဆောင်လျက်ရှိကြောင်း မီဒီယာမှတဆင့် ဖော်ပြချက်အရ သိရသည်။