စက်တင်ဘာ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)/ဒူးပလာယာခရိုင်နယ်မြေ၊ အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲရွာအထွက်တံတားနေရာအား ယမန်နေ့ (စက်တင်ဘာ ၁ ရက်နေ့) က တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ဒရုန်းသုံးတိုက်ခိုက်ခဲ့ပြီးနောက် စစ်အုပ်စုက လက်နက်ကြီးအများအပြားပစ်ခတ်နေကြောင်း မြေပြင်တော်လှန်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
အာဏာသိမ်းစစ်အုပ်စုတပ်များ ထိုးဖောက်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် အာရှလမ်းမကြီးတိုက်ပွဲအတွင်း ထောက်ပို့လမ်းကြောင်းအတွက် လွန်စွာအရေးပါသော အဆိုပါကော့နွဲတံတားကို တော်လှန်ရေးပူးပေါင်းတပ်မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားနေရာကို စစ်အုပ်စုက ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းလာသောကြောင့် တော်လှန်ရေးတပ်ဘက်က ယမန်နေ့တွင် ဒရုန်းလွှတ်တိုက်ခိုက်ခဲ့မှုအပါအဝင် နှစ်ဖက်ထိပ်တိုက်တိုက်ပွဲများကြောင့်လည်း စစ်အုပ်စုဘက်က လက်နက်ကြီးပစ်ကူများ တုံ့ပြန်ပေးနေသည်ဟု ကော့ကရိတ်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့တွင် ပြောသည်။
“အဲဒီတံတားက သူတို့လာဆောက်ပေမယ့် ဖြတ်လို့တော့ မရသေးဘူး။ လူတွေကူးနေကြတာတော့ ရှိတယ်။ တံတားနေရာမှာ မနေ့က သူများ ဒရုန်းနဲ့ သွားကြဲတာကြောင့်လည်း စကစဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တာ။” ဟု အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
ယနေ့ နံနက်ပိုင်းအထိ ကော့ကရိတ်မြောက်ပိုင်း ရန်ကုတ်ရွာနှင့် တောနော်ရေတံခွန်ဘက်ခြမ်း၌ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်လျက်ရှိပြီး လက်နက်ကြီးအပြင် မစ်ဇိုင်းများ၊ ဟောင်ဝှစ်ဇာများဖြင့်လည်း ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။

၎င်းအပြင် ယမန်နေ့က ကော့နွဲတံတားပြုပြင်ရေးအဖွဲ့ကို ကေအဲန်ယူနှင့် PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းပစ်ခတ်မှုအတွင်း ဌာနဆိုင်ရာ တံတားပြုပြင်ရေးဝန်ထမ်း ၁ ဦး သေဆုံး၍ ၈ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း စစ်အုပ်စုဘက်က သတင်းဖော်ပြထားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြု၍ မရပေ။
မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက “အဲဒီတံတားကောင်းသွားရင် စကစရဲ့ ထောက်ပို့လမ်းကြောင်းက ဖြောင့်ဖြူးသွားလိမ့်မယ်။ တင့်ကားတွေ၊ Missiles ကားတွေ (အတွဲလိုက်ပစ်လက်နက်တင်ဆောင်လာသော မော်တော်ယာဉ်များ) ရှေ့တိုးလို့ရသွားလိမ့်မယ်။ အဲဒါကြောင့် သူတို့ပြင်နေတာ” ဟု ကေအိုင်စီကို ပြောသည်။
စစ်အုပ်စုအာဏာသိမ်းသက်တမ်း ၁ နှစ်ကျော်လာချိန်တွင် ကော့နွဲကျေးရွာတဝိုက် စစ်အုပ်စုက လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ကော့ကရိတ်မြို့အပါအဝင် အာရှလမ်းမကြီးကို စိုးမိုးနိုင်ရေး အားပြိုင်မှုများကြောင့် ဒေသခံအများအပြား စစ်ရှောင်နေရသည်။
ထို့အတူ ကော့နွဲတံတားနေရာကို တော်လှန်ရေးပူးပေါင်းတပ်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းသည် စစ်အုပ်စု၏ အရေးပါသည့် ထောက်ပို့လမ်းကြောင်းတစ်ခုကို လုံးဝဖျက်ဆီးလိုက်နိုင်ခြင်းဖြစ်သည်ဟု ကော့ကရိတ်နယ်မြေ စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။



















