Home သတင်း ညောင်လေးပင်ခရိုင် ရေကြီးမှုအတွင်း လယ်ဧက ၃၄,၅၂၀ ကျော် နစ်မြှုပ်ပျက်စီး

ညောင်လေးပင်ခရိုင် ရေကြီးမှုအတွင်း လယ်ဧက ၃၄,၅၂၀ ကျော် နစ်မြှုပ်ပျက်စီး

750
Photo: KNU

ဩဂုတ် ၅ ၊ ၂၀၂၅ ။ ကေအိုင်စီ

ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် ဇူလိုင် ၂၃ ရက်မှစ၍ ဖြစ်ပွားသော ရေကြီးရေလွှမ်းမိုးမှုအတွင်း ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ ကျေးရွာ ၁၃၇ ရွာတွင် လယ်ဧက ၃၄,၅၂၀ ကျော် ရေနစ်မြှုပ်ပျက်စီးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

မုန်းမြို့နယ်တွင် ညောင်ပင်သာ၊ ကျောက်ကြီးပေါက်၊ ရေလဲ (ကရင်၊ ဗမာ)၊ ဝဲကြီး (ကရင်၊ ဗမာ)၊ သစ်ခြောက်ပင် စသည့် ၅၇ ရွာနှင့် ကျောက်ကြီးမြို့နယ်တွင် ပဒဲကော၊ ကျွန်းကြီး၊ ကျွဲတလင်း၊ အင်တိုင်းကုန်း၊ လိန်ပင်ဝဲ၊ နတ်သံကွင်း စသည့် ကျေးရွာအုပ်စုရှိ ၈၀ ရွာ ရေနစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။

ရေဘေးသင့်ကျောက်ကြီးဒေသခံ လယ်သမားတစ်ဦးက “ရေက အရင်နှစ်ကလိုပဲ။ ကျနော့်တဲကကုန်းပေါ်ကျလို့သာ။ ကျနော့်တဲပါြမှုပ်လို့ကတော့ ဒီမှာရှိနေတဲ့လယ်ကွင်းတွေ တစ်ကွင်းလုံးမြှုပ်ပြီ။ ရေက စစကြီးတာနဲ့ အရင်နှစ်ကရဲ့ဒုတိယအကြိမ်ကြီးလောက်နီးနီးကို ဖြစ်သွားတယ်။ ” ဟု ဇူလိုင် ၃၁ ရက်နေ့က ပြောသည်။

Photo: KNU

ကျေးရွာအများအပြား ရေနစ်မြှုပ်သလို ကျောက်ကြီးမြို့နယ်ရှိ မူလတန်းနှင့် အလယ်တန်းကျောင်း ၃၇ ကျောင်း၊ မုန်းမြို့နယ်မှ စာသင်ကျောင်း ၁၈ ကျောင်းကို ယာယီပိတ်ထားရကြောင်း ကေအဲန်ယူ ပြန်ကြားရေးဌာနက ဖော်ပြသည်။ ဇူလိုင် ၂၆ ရက်နေ့တွင် မုန်းမြို့နယ် ကျောင်းစုကျေးရွာရှိ နေအိမ် ၁၄ လုံးလည်း ရေစီးနှင့်မျှောပါ ပျက်စီးခဲ့သည်ဟု သိရသည်။

ယခုနှစ် ရေကြီးမှုအတွင်း မြို့နယ်နှစ်ခုရှိ ပြည်သူ ၁ သိန်းနီးပါး ရေဘေးသင့်ခဲ့ကြပြီး ကရင် အရေးပေါ်ကယ်ဆယ်ရေးကော်မတီမှ ဦးဆောင်၍ ပြန်လည်နေရာချထားရေး ဆောင်ရွက်နေသော်လည်း ကူညီထောက်ပံ့မှု များစွာ လိုအပ်နေဆဲဖြစ်ကြောင်း ကော်မတီဘက်က ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး၌ ပါဝင်သည့် ညောင်လေးပင်ခရိုင်တွင် ၂၀၂၄ ခုနှစ်ကလည်း စံချိန်တင်ရေကြီးမှု ဖြစ်ပွားခဲ့သဖြင့် နှစ်နှစ်ဆက်တိုက် ရေဘေးအန္တရာယ် ကြုံတွေ့ရခြင်း ဖြစ်သည်။

Photo: KNU