ဩဂုတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ တပ်မဟာ(၅) နယ်မြေအတွင်း ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ကရင်နယ်ခြားစောင့်တပ် (BGF)တို့ နှစ်ဘက် နားလည်မှုလွဲ မှားပြီး ပစ်ခတ်ခဲ့ခြင်းအပေါ် ထိန်းသိမ်းညှိနှိုင်းလုပ်ဆောင်သွားလိုသည်ဟု BGF/KNA တပ်မှူးတစ်ဦးဖြစ်သူ၊ ဗိုလ်မှူးချုပ် စောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့တွင် ဝါးဒူးကျေးရွာရှိ BGF ၁၀၁၃ တပ်ရင်းစခန်းကို တပ်မဟာ-၅ ရှိ၊ KNLA တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုဖြစ်ပွားခဲ့သလို ဩဂုတ် ၃ ရက်နေ့တွင်လည်း တဟေးခိုကျေး ရွာရှိ BGF စခန်းတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယခုလို ပစ်ခတ်မှု ဖြစ်ပွားခြင်းသည် BGF တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ကို အင်အား၊ ရိက္ခာဖြည့် တင်းရာ၌ကူညီပေး၍ဖြစ်သည်ဟု တပ်မဟာ-၅ တပ်မဟာမှူး၊ ဗိုလ်မှူးချုပ် စောဂီနွီးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အဓိကတော့ BGF က စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တယ်။ ကတိုင်တိမှာ စစ်ကောင်စီကို ရိက္ခာပို့ အပိုင်းမှာ ဖြစ်ဖြစ်၊ တပ်အင်အားတိုးချဲ့တာဖြစ်ဖြစ် ကူညီပံ့ပိုးပေးတာရှိတော့ အဲကနေ မကျေနပ်မှုတွေရှိပြီး တဖြည်းဖြည်း ပြဿနာဖြစ်လာတာ ။ အဲဒီကိစ္စပဲ ကျန်တာတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။
သို့သော် BGF အနေဖြင့် စစ်ကောင်စီထံ ယခင်က လစာယူသည့်အချိန်တွင် တပ်မဟာ(၅) နယ်မြေတွင် စစ်ကောင်စီ၏ ရိက္ခာပို့ဆောင်မှုများကို ကူညီပေးခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ကရင်အမျိုးသား ကာကွယ်ရေး တပ်မတော်-KNA အဖြစ်ရပ်တည်ရန် စတင်လုပ်ဆောင်ခဲ့ချိန်ကတည်းက လစာမယူတော့သလို စစ်ကောင်စီကို ကူညီလုပ်ဆောင်မှုမရှိတော့ကြောင်း BGF/KNA တပ်မှူး ဗိုလ်မှူးချုပ်စောဝင်းက ပြောသည်။

ထို့ကြောင့် ယခုလို ကရင်လက်နက်ကိုင် အချင်းချင်းကြား ပစ်ခတ်မှုဖြစ်သည့်အတွက် ပြဿနာဆက် မကြီးထွား စေရန် ပြန်လည်ညှိနှိုင်း ထိန်းကြောင်းမှုမျိုး လုပ်ဆောင်သင့်ကြောင်း ဗိုလ်မှူးချုပ်စောတင်ဝင်းက ဆက်ပြောသည်။
“ကရင်အချင်းချင်း ပစ်ခတ်တာကို မလုပ်ဖို့ အရင်ကလည်း အပေါ်က ခေါင်းဆောင်မှာ တွေ့ဆုံပြော တာတွေ ရှိခဲ့တယ်။ အပေါ်က ခေါင်းဆောင်ပိုင်းတွေက ကရင်အချင်းချင်းပစ်ခတ်တာကို မလုပ်ချင်ဘူး တွေ့ တိုင်းပြောတယ်။ ဒါပေမယ့် အခုက အပေါ်က ညွှန်ကြားတာလား၊ အောက်ခြေက ညွှန်ကြားတာလား ဆိုတာက ကျနော်တို့လည်း မသိဘူး။ အပေါ်က စည်းလုံးမှုဖြစ်ချင်ပြီး အောက်မှာပစ်ရင်လည်း ကရင်အချင်းချင်းပြန်စည်းလုံး နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ပြန်ပြီး ထိန်းညှိချင်တယ်။ မထိန်းဘဲ ဒီလိုပဲ လွှတ်ထားလိုက်ရင် ပိုကြီးသွားမှာစိုးရိမ်တယ်”ဟု ၎င်းက ပြောသည်။
ကေအဲန်ယူ၊ တပ်မဟာ(၅)နယ်မြေတွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးသည့်နောက် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့က စစ်ကောင်စီတပ် စခန်းအများအပြားကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။
ထို့အပြင် ဖာပွန်မြို့ ပေါ်တွင် လက်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားအားလုံးပျက်ပြီး ကမမောင်းမြို့နယ်ခွဲ၌ ဌာနဆိုင်ရာရုံးများ ပြန်လည် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသည့် အခြေအနေမျိုးဖြစ်နေသည်။
၎င်းအပြင် ဖာပွန်-ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီ ကတိုင်တိစခန်းကိုလည်း KNLA ပူးပေါင်း တပ်ဖွဲ့ဘက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် သိမ်းယူနိုင်သော်လည်း စစ်ကောင်စီတပ်ဘက်မှ နယ်ခြားစောင့်တပ် ဖွဲ့ဝင်တချို့ အကူအညီဖြင့် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး လေးလကြာ ဇွန်လထဲတွင် ထိုစခန်းကို ပြန်စိုးမိုး ထားနိုင်ခဲ့သည်ဟု နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်ထံမှ သိရသည်။



















