Home သတင်း KWO ဥက္ကဌဟောင်း ပဒိုနော်ဖောဒေးတိုး စျာပနပွဲ လူ ၂၀၀ နီးပါး လိုက်ပါပို့ဆောင်

KWO ဥက္ကဌဟောင်း ပဒိုနော်ဖောဒေးတိုး စျာပနပွဲ လူ ၂၀၀ နီးပါး လိုက်ပါပို့ဆောင်

610

ဇူလိုင် ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကွယ်လွန်သူ ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဋ္ဌဟောင်း ပဒိုနော်ဖောဒေးတိုး၏ ရုပ် အ လောင်းအား ဂူသွင်းမြှုပ်နှံခြင်းဈာပနအခမ်းအနားကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ် နိုဘိုးကျေးရွာ၌ ဇူလိုင်လ ၁၇ ရက်ယနေ့ မွန်းလွဲ ပိုင်းတွင် ပြုလုပ်ခဲ့ရာ ၎င်း၏မိသားစုဝင်များနှင့် ခေါင်းဆောင်များအပါအဝင် လူ ၂၀၀ နီးပါး လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ အကြံပေးပုဂ္ဂိုလ်ဖြစ်သူအဖြစ် KWO ၌ ၁၉၈၅ ခုနှစ်မှ စ၍ ၂၀၂၅ ခုနှစ် ကွန်လွန်ချိန်အထိ တော်လှန်ရေးသက်တမ်း ၁၀ နှစ်ကျော်ကြာ ဖြတ်သန်းခဲ့သော ပဒိုနော်ဖောဒေးတိုးမှာ ဇူလိုင်လ ၁၅ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။

ကျန်ရစ်သူမိသားစုဝင်များက ပဒိုနော်ဖောဒေးတိုးအတွက် ၎င်းနေထိုင်သည့် နိုဘိုးကျေး ရွာနေအိမ်၌ ယနေ့နံနက်ပိုင်းက ဝတ်ပြုဆုတောင်းခြင်းအစီအစဥ် ပြုလုပ်ခဲ့ကြပြီးနောက် ရုပ်အ လောင်းကို ခရစ်ယာန်ထုံးတမ်းအစဉ်လာအရ ရွာသုသာန်၌ ဂူသွင်းမြှုပ်နှံခြင်း ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။

“ ကျနော်တို့ မောင်နှမထဲမှာ အခု အစ်မက အတော်ဆုံးနဲ့ အထက်မြက်ဆုံးသူတစ်ဦးပါ။ လုပ်ချင်တဲ့ သင်ချင်တဲ့အရာတွေဆို ဇွဲရှိရှိနဲ့ လုပ်လေ့‌လုပ်ထရှိတဲ့သူမို့ ကျနော်တို့ထဲမှာ သူအတော်ဆုံးပဲ” ဟု ပဒိုနော် ဖောဒေးတိုးနှင့် မောင်တော်စပ်သူက စျာပနအခမ်းအနားတွင် အမှတ်တရ ဂုဏ်ပြုစကားပြောဆိုသွားခဲ့သည်။

ပဒိုနော်ဖောဒေးတိုး၏ ဈာပနအခမ်းအနားကို ကျန်ရစ်သူမိသားစု အပါအဝင် ကေအဲန်ယူ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ KWO အဖွဲ့ဝင်များ၊ ထိုင်းအာဏာပိုင်များ၊ သူမ၏ မိတ်ဆွေများနှင့် ဧည့်သည်များအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။

ဈာပနသို့တက်ရောက်လာသူ ကေအိုင်စီ-ကရင်သတင်းဌာန၏ အယ်ဒီတာချုပ် နန်းဖောဂေက “ အဖီ့ နော်ဖောဒေးတိုးဟာ စကားနည်းပေမယ့်် အလုပ်နဲ့ပတ်သက်ရင် စိတ်ဓာတ်မာပြီး မငြီးမငြူလုပ်တတ်တဲ့ အတုစရာ အမျိုးသမီး ခေါင်းဆောင်ကောင်းတစ်ဦးပါ။ ကိုယ့်ရဲ့ ကရင်အမျိုးသမီးနဲ့ ကလေး သူငယ်တွေအတွက် လုပ်ငန်းဆောင်တာမှာလည်း သူ့အသက်အရွယ်ကိုမငဲ့ဘဲ အားတက်သရော စိတ်နဲ့ အမြဲလုပ်ဆောင်ပေးခဲ့တယ်။ အများအတွက် မှတ်သားရလောက်တဲ့ ခွန်အားပေးမိန့်ခွန်းတွေလည်း ပြောဆိုတတ်သူဖြစ်တယ်။ ဒီလို ခေါင်းဆောင်ကောင်းတစ်ယောက် အမေကောင်းတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အပေါ် မိသားစုနဲ့ထပ်တူ များစွာ စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောသည်။

ထို့အပြင် အစီအစဥ်အရ ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ပဒိုနော်ဖောဒေးတိုး၏ ဘဝအတ္ထုပတ္တိနှင့်‌ တော်လှန် ရေးဖြတ်သန်းမှုကို အကျဥ်းရုံးဖတ်ပြခြင်းအပြင် ကေအဲန်ယူမှ အမိန့်စာပြန်ခြင်း၊ မိသားစု ဝင်နှင့် တက်ရောက်လာသည့်ပရိသတ်များက ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို နောက်ဆုံးနှုတ် ဆက်ခြင်းနှင့် ဂူသွင်းခြင်းအစီအစဥ်တို့ပြီးနောက် ဈာပနပွဲကိုရုပ်သိမ်းခဲ့သည်။

ပဒိုနော်ဖောဒေးတိုးကို ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ဖားအံခရိုင်၊ လှိုင်းဘွဲမြို့မြို့၌ မွေးဖွားခဲ့ပြီး မောင်နှမ ၉ ယောက်ရှိသည့်အနက် ၅ ယောက်မြောက် သမီးဖြစ်သည်။ ထို့အပြင် သူမသည် လူငယ်ဘ ဝကတည်းက ကွယ်လွန်ချိန်အထိ ကရင့်တော်လှန်ရေးတွင် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၌ ဆေးတပ်ဖွဲ့ဝင်ဘဝဖြင့် အစပြုခဲ့ပြီးနောက် ကရင်အမျိုးသား တော်လှန်ရေးအတွင်း ထဲထဲဝင်ဝင်ရောက်ရှိလာပြီး ကျရာကဏ္ဍတွင် တာဝန်ထမ်းဆောင်ခဲ့သလို ကရင်အမျိုး သားအစည်းအရုံး-ကေအဲန်ယူတွင်လည်း ဗဟိုအမြဲတမ်းကော်မတီဝင် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ အသက် (၈၀)နှစ်အရွယ်ဖြင့် ၎င်း၏ကွယ်လွန်ချိန်တွင် အမျိုးသားဖြစ်သူနှင့်အတူ သားသမီး ၆ ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။