Home သတင်း သုခစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်များနှင့် မိဘပြည်သူများကို KNU ဂုဏ်ပြု

သုခစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်များနှင့် မိဘပြည်သူများကို KNU ဂုဏ်ပြု

550
Photo: KNU

ဇူလိုင် ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ တပ်မဟာ(၄)၊ ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီ ‘သုခ’ နယ်စပ်စခန်းသိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သည့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း အဆိုပါ ခရိုင်က ယနေ့ ဇူလိုင် ၈ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ ခြေလျင်တပ်ရင်း (ခလရ-၂၈၂)၏ သုခ မဆုတ်တမ်း စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်မဟာ(၆) တပ်ရင်း (၂၇)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၀)၊ (၁၂) တို့က ဦးဆောင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၇ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် KNLA တပ်ရင်းများနှင့်အတူ ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်-TPLF၊ ကျောင်းသားတော်လှန်ရေးတပ်၊ သာဂရစစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့၊ ဗထူးတပ်မတော် ဒရုန်းရဲဘော်များ၊ ဝေဟင်တပ်ဖွဲ့ ဒရုန်း ရဲဘော်များက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်ဟု ခရိုင်ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

Photo: KNU

ထို့အပြင် ယခုကဲ့သို့ အောင်ပွဲရရှိစေရန် နည်းပညာ၊ ဘဏ္ဍငွေ အားဖြင့် အဖက်ဖက်မှ ကူညီခဲ့သူများ တိုက်ပွဲဝင် တော်လှန်ရေးရဲဘော်များ ဘေးအန္တရာယ် ကင်းဝေးစေရေး ဝိုင်းဝန်းဆုတောင်း မေတ္တာပို့သပြီး စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြသည့် မိဘပြည်သူအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း လည်း ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲတွင် သုခ မဆုတ်တမ်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်သည် ထိုင်းနိုင်ငံဘက်သို့ နှစ်နိုင်ငံ နားလည်မှုယူ ထွက်ပြေးသွားခဲ့သည်ဟု တပ်မဟာ (၄) တပ်မဟာမှူး၊ ဗိုလ်မှူးချုပ် စောဖိုးလေးက ယမန်နေ့ကတည်းက ကေအိုင်စီသို့ ပြောသည်။ ထို့အပြင် သုခ စခန်းမှ လက်နက်ကြီးနှင့် လက်နက်ငယ်တချို့ သိမ်းယူနိုင်ခဲ့သည်ဟု ကေအဲန်ယူက ဓါတ်ပုံနှင့်တကွထုတ်ပြန်ထားသည်။

ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ထီးခီစခန်း၊ ထီးထာဗျူဟာ ကုန်းစခန်း၊ အီးသာခေ (ဗောဓိ) စခန်းနှင့် ငါးရံ့နီစခန်း တို့ကိုလည်း KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့တို့က ယခု လပိုင်းအတွင်း တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အဆိုပါ ထီးခီးနယ်စပ်တစ်လျှောက်လုံးနီးပါးကို KNU က ထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်။