ဇူလိုင် ၉ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်း လှိုင်မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြသည့် ပြည်သူများ ရေကြီး ရေလျှံမှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။
ညောင်တုန်းမြို့နယ်တွင် ပန်းလှိုင်မြစ်ရေလျှံမှုကြောင့် ယမန်နှစ်ကလည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ် လည်း အလားတူ မြစ်ရေကြီးလာမည့် အရိပ်လက္ခဏာများ မြင်တွေ့လာရသောကြောင့် ဒေသခံများက စိုးရိမ် နေကြခြင်းဖြစ်သည်။
စံကင်းကျွန်း ဒေသခံတစ်ဦးက “မနှစ်ကဆိုရင် ကျနော့်အိမ်က ကွင်းရေတက်တာကြောင့် နစ်မြှုပ်သွားပြီး နေထိုင် လို့မရဘဲ ရေမကြီးတဲ့နေရာက အမျိုးတွေရဲ့အိမ်မှာ မိသားစုလိုက် ရွှေ့ပြောင်းနေထိုင်ရတယ်။ ကျနော်တို့နေတာ က ရေမြှုပ်ပိုင်းဆိုတော့ နှစ်တိုင်းတော့ ရေကြီးတယ်။ ဒါပေမယ့် မနှစ်ကကြီးတဲ့ရေကတော့ တက်ခဲ့ဖူးသမျှရေ ထဲမှာအများဆုံးပဲ။ ဒီနှစ်လည်း ဘယ်လိုလာဦးမလဲမသိဘူး။ အခုတော့ နေအိမ်မှာရှိတဲ့ ထွန်စက်တွေ၊ ဆိုင်ကယ် တွေနဲ့ တခြားအရေးကြီးပစ္စည်းတွေကိုတော့ ရေမမြှုပ်နိုင်လောက်မယ့် နေရာကိုတော့ ရွှေ့ပြောင်းထားပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
စံကင်းကျွန်းဒေသသည် ညောင်တုန်းမြို့တစ်ဖက်ကမ်းတွင်တည်ရှိပြီး ညောင်တုန်းမြို့နှင့် ပန်းလှိုင်မြစ်ခြားထားသည်။ မြစ်ပတ်လည်ဝိုင်းထားသည့် ကျွန်းဒေသတစ်ခုဖြစ်၍ နှစ်စဉ်မြစ်ရေကြီးမှုကို ကြုံတွေ့ရတတ်ပြီး ယမန်နှစ်က ရေကြီးရေလျှံမှု ကြီးကြီးမားမားကြုံတွေ့ခဲ့ကြရသည်။

အဆိုပါ ကျွန်းတွင် ဒေသခံများအနေဖြင့် စပါး၊ ပဲမျိုးစုံ၊ ငရုပ်၊ ကွမ်း၊ ကြံနှင့်ပြောင်း စသည်များကို ရာသီအလိုက် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခင်နှစ် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ နေအိမ်ရွှေ့ပြောင်းနေထိုင်ကြရ သလို လယ်ယာစိုက်ခင်းများ ရေနစ်မြှုပ်ပျက်စီးခြင်းများလည်း ဖြစ်ပေါ်ခဲ့သေးသည်။
ယခုနှစ်တွင်လည်း ယခင်နှစ်ကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဒေသခံပြည်သူများသည် မိမိတို့၏ လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်ရကြောင်း ညောင်တုန်းမြို့နယ်က ကွမ်းစိုက် တောင်သူတစ်ဦး ကလည်း ယခုလို ပြောသည်။
၎င်းက “မနှစ်ကဆိုရင် ကျနော်တို့ကွမ်းခြံက ရေနစ်မြှုပ်သွားတော့ ဘာမှလုပ်ချိန်တောင်မရလိုက်ဘူး။ ကွမ်းဈေး ကလည်းကောင်းနေတဲ့အချိန်မှာ မခူးလိုက်ရပဲ ဆုံးရှုံးသွားရတယ်။ ကွမ်းဈေးကလည်း ဒီလိုရေတက်တဲ့အချိန်ဆို တအားကောင်းတာဗျာ့။ မနှစ်ကဆိုရင် ၃ သိန်း ၄ သိန်းဈေးလောက် တက်သွားတယ်။ အရင်က ဒီအချိန်ဆိုရင် ကွမ်းတွေခူးနေရပြီ အခုတော့ ရေတက်မှာကြောက်လို့ မစိုက်ရဲတော့ဘူး” ဟု ပြောသည်။
လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် မြစ်ရေ နှင့် ကွင်းရေ တဖြည်းဖြည်း မြင့်တက်လာနေပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်လာမည်ကို စိုးရမ်နေသောကြောင့် ကြိုတင်ကာကွယ်မှုများလည်း ပြုလုပ်နေကြကြောင်း ဒေသခံများက ပြောသည်။



















