ဇူလိုင် ၈ ရက်။ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်နှင့် ဖယ်ခုံအနောက်ဖက်ခြမ်းတို့တွင် စစ်ကောင်စီ၏ လေယာဥ်၊ လက်နက်ကြီးနှင့် သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဇွန်လအတွင်း အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး ၄၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့- KnHRG က ယနေ့ ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ဇွန်လအတွင်း ဖယ်ခုံ၊ ညောင်ရွှေ၊ ဖားဆောင်းမြို့ များတွင် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၀ ဦးဒဏ်ရာရခဲ့ကာ ၈ ဦးထိခိုက်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် လက်နက်ကြီး ပစ်ခတ်မှု ၁၄ ကြိမ်ပြုလုပ်ခဲ့ပြီး ဖယ်ခုံမြို့နယ်တွင် ၇ ကြိမ်၊ လွိုင်ကော်မြို့နယ်တွင် ၁ ကြိမ် နှင့် ဒီမောဆိုမြို့နယ်တွင် ၆ ကြိမ်ပြုလုပ်ခဲ့ကြောင်း KnHRG က ပြောသည်။
အဆိုပါ လက်နက်ကြီးများကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၉ ဦးဒဏ် ရာရရှိခဲ့ကာ နေအိမ် ၈၇ လုံး၊ တိရစ္ဆာန် ၁ ကောင်၊ စိုက်ခင်း ၃ ခင်း၊ ဘာသာရေးအဆောက်အအုံ ၂ ခု၊ ယာဥ် ၄ စီးထိခိုက်ပျက်စီးသွားခဲ့ရကြောင်း KnHRG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီက သူတို့ဘက် အထိအခိုက်တွေများပြီး စခန်းတွေကျတဲ့ ရက်ပိုင်းတွေဆို စစ်ရှောင်တွေ လူထုတွေရှိတဲ့ နေရာကို လိုက်ပြီး ပစ်မှတ်ထား ဗုံးကြဲတယ်။ လူထုတွေ ကြောက်အောင်လုပ်မယ်။ လူထု ထိခိုက် နစ်နာကျဆုံးမှုတွေပြပြီး တော်လှန်ရေးအင်အားစုတွေဘက် စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်အောင် လုပ်မယ်။ အဓိကက ရှေ့တန်းမှာ သူတို့တိုက်ရည်ခိုက်ရည် ကျရှုံးနေချိန်မှာ ကျနော်တို့ ထိန်းချုပ်မှုမှာ ရှိနေတဲ့ လူထုအားလုံးကို သူတို့ရန်သူလို့ပဲ သတ်မှတ်ပြီး ခုလိုလူသားမဆန်တဲ့ လုပ်ရပ်တဲ့ လုပ်ဆောင်နေတာပါ” ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC အတွင်းရေးမှူး-၂ ခွန်ဗညားအောင်က ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် နယ်မြေတွင်း စစ်ရေးပဋိပက္ခကြောင့် စစ်ရှောင်နေရသော ဒေသခံအရပ်သားပြည် သူများ အတွက် အရေးပေါ်လူ သားချင်းစာနာ ထောက် ထားမှုများ ကူညီဆောင်ရွက်ပေးရန်၊ စစ်ကောင်စီအား လေယာဉ်ဆီရောင်းချမှုကိုရပ်တန့်ရန်နှင့် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ပိတ်ဆို့အရေးယူပေးရန်ကိုလည်း KnHRG က နိုင်ငံတကာသို့ တိုက်တွန်းပြောဆိုထားသည်။
ကရင်နီပြည်အတွင်းတွင် စားနပ်ရိက္ခာနှင့် သန့်ရှင်းသောရေ လုံလောက်စွာမရရှိခြင်းကြောင့် ပြည်သူများ ရှင်သန်နေထိုင်ရန် ခြိမ်းခြောက်မှုများနှင့်ကြုံတွေ့နေရပြီး နေ့စဥ် စားနပ်ရိက္ခာလို အပ်ချက်များ ဖြည့်ဆည်းရန်အတွက် ဆန်များကိုချေးငှားခြင်းဖြင့် စားဝတ်နေရေးကို ရင်ဆိုင်ဖြေရှင်းနေရကြောင်း KnHRG ၏ ထုတ်ပြန်ချက်အရ သိရသည်။



















