Home သတင်း မင်းဒပ်ရွာရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်တိုက်ခိုက် ရွာကိုပြန်ထိန်းချုပ်

မင်းဒပ်ရွာရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်တိုက်ခိုက် ရွာကိုပြန်ထိန်းချုပ်

418
Photo: Mergui-Tavoy District

ဇွန် ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာ ဘုန်းကြီး ကျောင်း၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဇွန် ၂၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရွာကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်ဟု ခရိုင်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

အဆိုပါ မင်းဒပ်ရွာ အထိုင်ချစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန် ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီချိန်တွင် စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် ရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်းဝ တပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု မြိတ်-ထားဝယ်ခရိုင်၏ သတင်းထုတ်ပြန်ချက်၌ ‌ဖော်ပြ ထားသည်။

မင်းဒပ်ရွာ စစ်ကောင်စီ အထိုင်ချစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားပြီး စစ်သုံးပစ္စည်းများကို သိမ်းယူနိုင်ခဲ့သည်ဟု မြိတ်-ထားဝယ်ခရိုင်က အတည်ပြု ထုတ်ပြန်ထားသည်။

ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်အတွင်း ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဒေသခံ ၈၀,၀၀၀ ဦးကျော်ရှိလာပြီး ဖြစ်သည်ဟု FE-5 တနင်္သာရီ သုတေသနအဖွဲ့၏ လစဉ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

Photo: Mergui-Tavoy District