ဇွန် ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ-၄၊ မြိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာ ရှိ စစ်ကောင်စီ ပျူစောထီးစခန်းကို ကရင်အမျိုးသားအကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၇)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁)၊ မဟာမိတ် ပူးပေါင်းတပ်များက ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်များ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ပျူစောထီးစခန်းကို နံနက် ၅ နာရီ ခွဲအချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ၁၅ မိနစ်ကြာ တိုက်ပွဲတွင် ပျူစောထီးများ စခန်းစွန့် ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် စခန်းကိုဆက်လက်ရှင်းလင်းခဲ့ရာ ပျူစောထီး သေဆုံး အလောင်း ၃ လောင်းကို တွေ့ရှိခဲ့သည်။
ထို့အပြင် ပျူစောထီးစခန်းရှိ M16A1 ရိုင်ဖယ် (၄) လက်၊ ၎င်းကျည်ဘောက် (၂) ခု၊ AK-47 ရိုင်ဖယ် (၁) လက်၊ ၎င်း ကျည်ဘောက် (၄) ခု၊ (၅.၅၆) ကျည် (၁,ဝဝဝ) တောင့်၊ (၇.၆၂) ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံး နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများကို တော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့သည်။
ပျူစောထီးစခန်းအား တိုက်ခိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ဆက်လုပ်ဆောင်ပြီး နောက် ပြန်လည်ထွက်ခွာခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁)၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။




















