Home သတင်း ဖားအံတွင် လိုင်စင်မဲ့ယာဉ်ဖမ်း၍ သွားလာသူနည်းပါးပြီး အခွင့်ထူးခံယာဉ်များ ဖမ်းဆီးခြင်းမရှိ

ဖားအံတွင် လိုင်စင်မဲ့ယာဉ်ဖမ်း၍ သွားလာသူနည်းပါးပြီး အခွင့်ထူးခံယာဉ်များ ဖမ်းဆီးခြင်းမရှိ

512
Photo: CJ (ပုံဟောင်း) ၊ ပုံ ၂။ (ဖားအံတွင် လူနာတင်ယာဉ်များ သွားလာနေသည့်ပုံ)

ဇွန် ၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ်တွင် ပြည်နယ်စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်၌ သွားလာသူနည်းပါးနေပြီး ဘုန်းတော်ကြီး၊ စစ်ကောင်စီ ဝန်ထမ်းနှင့် လက်နက်ကိုင်တချို့ ၏ လိုင်စင်မဲ့ ယာဉ်များကိုမူ ဖမ်းဆီးခြင်းမရှိဘဲ အထူးအခွင့်အရေး ရနေသည်ဟု မြို့ခံများက ဝေဖန်ပြောဆိုသည်။

ဇွန် ၁ ရက်နေ့မှစ၍ ဖားအံမြို့ပေါ်၌ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေပြီး စစ်ကောင်စီကို ထောက်ခံသည့် ဘုန်းကြီးကျောင်း အမှတ်တံဆိပ်ပါ လိုင်စင်မဲ့ ယာဉ်၊ စစ်ကောင်စီနှင့် ဆက်ဆံရေး ရှိသည့် လက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီ ဝန်ထမ်းများ၏ လိုင်စင်မဲ့ ယာဉ်များကိုမူ ဖမ်းဆီးခြင်းမရှိဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“မနေ့က စဖမ်းတယ်၊ ဖားအံ စကစနဲ့ ရဲ၊ အကောက်ခွန်တို့ ရပ်ကွက်အုပ်ကြီး၊ ပြည်သူစစ်တွေပါတယ်၊ ဆိုင်ကယ် အရောင်းဆိုင်တွေ၊ အပေါင်ဆိုင်က ဆိုင်ကယ်၊ ကားတွေသိမ်းတယ်၊ မြို့ထဲဝင်လာတဲ့ရွာကား၊ လူနာတင် နာ/ကူ ကားတွေ ဖမ်းသိမ်းတယ်။ ဘုန်းကြီးကျောင်းတံဆိပ်ကားတို့ ကရင် BGF 9N တို့ 9B တို့ ကားတွေ မဖမ်းဘူး။ စကစ ဌာနဆိုင်ရာလူတွေ စီးနေတဲ့ကားတွေစီးလို့ရနေတယ်။ စစ်တပ်နဲ့ ပေါင်းတဲ့အခွင့်ထူးခံတွေက စီးခွင့်ရနေ တယ်” ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

ယခုလိုလိုင်စင်မဲ့ယာဉ်များဖမ်းဆီးရာတွင် မြို့ပေါ် သာမာန်ပြည်သူများ၊ ဖားအံ အနီးတဝိုက်ကျေးရွာများမှ ဒေသခံ တို့၏ လိုင်စင်မဲ့ယာဉ်နှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ၏ ဆိုင်ကယ်များစသည့်တို့ကို ဖမ်းဆီးနေပြီး ရဲ ကားဖြင့် သယ်တင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

Photo: CJ (ပုံဟောင်း) ၊ ပုံ ၂။ (ဖားအံတွင် လူနာတင်ယာဉ်များ သွားလာနေသည့်ပုံ)

ယနေ့ ဇွန် ၂ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့များက မြို့တွင်း ရပ်ကွက်များထဲထိ လှည့်လည် စစ်ဆေးဖမ်းဆီးခြင်း၊ လမ်းမ၊ လမ်းဆုံနေရာများတွင် ပတ်ကင်း၊ ရပ်ကင်း၊ ရှောင်တခင် စစ်ဆေး ဖမ်းဆီးခြင်း များ လုပ်ဆောင်နေသည့်အတွက် မြို့တွင်းသွားလာသူ မရှိသလောက် နည်းပါးနေသည်ဟု သိရသည်။

ယခုလို လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးနေ၍ မြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ချို့ နှင့် ကားဟောင်း ဝယ်ရောင်း လုပ်သူများ ဆိုင်ပိတ်ခြင်းနှင့် နေရာရွှေ့ခြင်းများ လုပ်ဆောင်နေပြီး တချို့ ဆိုင်ကယ်များကို ငွေညှစ်ပြန်ရွေးမှုများ လည်းရှိနေသည်ဟု ဖားအံမြို့ခံများထံမှ သိရသည်။

ဖားအံမြို့ခံများအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ တစ်ပတ်ရစ် ဆိုင်ကယ်ဟောင်းများနှင့် ကားဟောင်းများကို အားထား စီးနင်းသွားလာနေရပြီး ထိုယာဉ်အများစုသည် စစ်ကောင်စီထံ လိုင်စင်ပြုလုပ်ထားခြင်း မရှိကြောင်း မြို့ခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီက လိုင်စင်မဲ့ ယာဉ်အပြင် တင်သွင်းခွင့် စာရွက်စာတမ်း မပြုလုပ်ထားသည့် စားသောက် ကုန်၊ အီလက်ထရောနစ် စက်ပစ္စည်းများ၊ အိမ် ဆောက်ပစ္စည်းများကိုလည်း ဖမ်းဆီးသိမ်းယူနေသည့် အတွက် ဒေသခံတို့ လူမှုစီးပွား အခက်အခဲများစွာ ရင်ဆိုင်နေရသည်ဟု ဖားအံ၊ မော်လမြိုင် မြို့ခံများက ပြောသည်။